မြန်မာနိုင်ငံမှ ပထမဆုံး ကက်သလစ်ကာဒီနယ် ဆရာတော် ချားလ်စ်မောင်ဘိုက လန်ဒန်မြို့ရှိ သမိုင်းဝင် ၀က်စ်မင်စတာ ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ဟောကြားခဲ့သော တရားဒေသနာတွင် မြန်မာနိုင်ငံရှိ အမုန်းတရားဖြန့်ဖြူးမှုအကြောင်းနှင့် သဟဇာတဖြစ်မှု တိုးမြှင့်ရေးအကြောင်းကို ထည့်သွင်းမိန့်ကြားခဲ့သည်ဟု သိရသည်။
ခရစ်ယာန်တို့၏ Pentecost (အီစတာပွဲတော်အပြီး ၇ပတ်မြောက် တနင်္ဂနွေ) မတိုင်ခင် ကြာသာပတေးနေ့က ဟောကြားသော ဒေသနာတွင် မိန့်ကြားခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရလက်ထက် ဖိနှိပ်မှုများ၊ ကမ္ဘာတစ်ဝှမ်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မတရားမှု၊ မြန်မာနိုင်ငံရှိ မွတ်စလင်များနှင့် ခရစ်ယာန်များကို ဘာသာရေးအရ ခွဲခြားဆက်ဆံမှုအကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
“ဒီနေ့မှာ ဒီမိုကရေစအာရုဏ်ဦး သန်းလာပါပြီ။ သွေးထွက်သံယိုမှုကို ရွေးချယ်ခဲ့တဲ့ ကမ္ဘာကြီးမှာ မြန်မာနိုင်ငံဟာ မျှော်လင့်ခြင်းတိုင်းပြည်တစ်ခု ဖြစ်နေပါတယ်။ အမယ်အိုကြီးဟာ သူ့ရဲ့လက်ထဲမှာ အာဏာကိုသာမက၊ ပိုကောင်းတဲ့မနက်ဖြန်ကို တောင့်တနေကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အိပ်မက်တွေကိုလည်း ဆုပ်ကိုင်ထားပါတယ်။ ကျွန်တော် ယူကေကို ရောက်ရှိလာတဲ့ ရည်ရွယ်ချက်ဟာ ကျွန်တော်တို့ပြည်သူတွေ အထူးသဖြင့် ဖယ်ကျဉ်ခံထားရတဲ့ သူတွေအကြောင်း ပြောကြားဖို့ ဖြစ်ပါတယ်” ဟု ဆရာတော်က ဆယ်စုနှစ်များအတွင်း ပထမဆုံး လွတ်လပ်သောရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရရှိခဲ့သော အောင်ပွဲကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း အမုန်းတရား ဖြန့်ဝေမှုအကြောင်းကိုလည်း ချားလ်စ်မောင်ဘိုက ထောက်ပြခဲ့ပြီး မိမိတို့အသင်းတော်မှာ ခွင့်လွှတ်မှု၊ သနားကြင်နာမှုကို ပြသချင်သည်ဟု ပြောကြားခဲ့သည်။
“မဆိုသလောက်အရေအတွက်ဖြစ်ပေမယ့် ဘုန်းကြီးတွေနဲ့ လူဝတ်ကြောင်တွေပါဝင်တဲ့ အထင်ကရအုပ်စုက အမုန်းတရား၊ တုန့်ပြန်လက်စားချေတဲ့ဝါဒ ဖြန့်ဖြူးနေတဲ့ နိုင်ငံတစ်ခုမှာ အသင်းတော်ဟာ ခွင့်လွှတ်ခြင်းဆိုတဲ့ သဘောထားနဲ့အတူ သနားကြင်နာမှုကို ပြသချင်ပါတယ်။ ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးနဲ့ သဟဇာတဖြစ်ရေး သဘောထားကိုလည်း တင်ပြချင်ပါတယ်။ အသင်းတော်ဟာ ငြိမ်းချမ်းရေးကိုရှေးရှုတဲ့ ဘာသာတရားတွေမှာ တက်ကြွစွာပါဝင်သူ ဖြစ်ပါတယ်”
ထို့ပြင် ခွဲခြားဆက်ဆံမှု အတွေးအခေါ်များကို အဆုံးသတ်စေချင်ကြောင်း၊ ဘာသာတရားများမှာ ငြိမ်းချမ်းရေးနှင့် တိုးတက်ကြီးပွားရေးတို့အတွက် ကြီးကျယ်သည့် ရင်းမြစ်သာ ဖြစ်ရမည်ဖြစ်ကြောင်း ဆရာတော် ချားလ်စ်မောင်ဘိုက ထည့်သွင်း မိန့်ကြားခဲ့သည်။
Ref: M-Media (www.m-mediagroup.com)
