Sunday, May 22, 2016

စစ်တွေ မွတ်ဆလင်ရပ်ကွက် မြို့ပြင်ရွှေ့ဖို့ လူ ၇ဝဝ ကျော် လက်မှတ်ထိုးတောင်းဆို

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်နေတဲ့ မွတ်ဆလင်တွေကို မြို့ပြင်ပြောင်းရွှေ့ပေးဖို့ စစ်တွေမြို့က သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၇ဝဝ ကျော် လက်မှတ်ထိုးပြီး ပြည်နယ်ဝန်ကြီးချုပ်ကို မေလ ၁၂ ရက်နေ့ မနေ့က တောင်းဆိုလိုက်ပါတယ်။ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်ဆလင်လူဦးရေ ပိုများလာနေပြီး ပဋိပက္ခတွေ ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ပြောင်းရွှေ့ပေးဖို့ တောင်းဆိုတာလို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၊ အောင်မင်္ဂလာရပ်ကွက်က မွတ်ဆလင်တွေကို မြို့ပြင်ပြောင်းရွှေ့ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ကတိပြုထားတယ်လို့ ဆိုပါတယ်။ လာမယ့် မေလ ၂၁ ရက်နေ့မှာ ရပ်ကွက်တခုလုံးကို အစိုးရက ဦးဆောင်ပြီး ရခိုင်နဲ့ မွတ်ဆလင်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အဖွဲ့ငယ် ၁၅ ဖွဲ့နဲ့ လူဦးရေ စီစစ်သွားမယ်လို့ သိရပါတယ်။ အောင်မင်္ဂလာရပ်ကွက်ဟာ ၂ဝ၁၂ ခုနှစ် ပဋိပက္ခအပြီးမှာ တခုတည်းသော မွတ်ဆလင်ရပ်ကွက်အဖြစ် ကျန်နေတာဖြစ်ပြီး၊ ၂ဝ၁၂ ခုနှစ်မတိုင်ခင် စာရင်းတွေအရ ရပ်ကွက်မှာနေထိုင်သူ လေးထောင်ကျော်သာ ရှိတယ်လို့ သိရပါတယ်။

Ref: RFA News