Tuesday, May 17, 2016

စစ်တွေတွင် ရိုဟင်ဂျာများကို မြို့ပြင်ထုတ်ပေးရန် ဘုန်းတော်ကြီးများဦးဆောင်တောင်းဆိုပြီးနောက် ရိက္ခာဝယ်ယူခွင့်စပိတ်


အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်သည့် ရိုဟင်ဂျာများကို မြို့ပြင်ပြောင်းရွှေ့ပေးရန် စစ်တွေမြို့ရှိ သံဃာတော်များနှင့် လူပုဂ္ဂိုလ် ၇၀၀ ကျော်က မေ ၁၂ ရက်မှာလက်မှတ်ရေးထိုးတောင်းဆိုပြီးနောက် ထိုရပ်ကွက်အတွင်းရှိ ရိုဟင်ဂျာများ စားနပ်ရိက္ခာဝယ်ယူရန် တစ်နေ့နှစ်ကြိမ်ထွက်သည့် ဈေးကားကိုမထွက်ရန် လုံခြုံရေးတာဝန်ကျသည့် ဗိုလ်ကြီးက မေ ၁၄ ရက်နေ့မနက်ပိုင်းတွင် အမိန့်ပေးလိုက်ကြောင်း အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ ဒေသခံများကပြောသည်။
“ ဈေးကားမထွက်ရင် ရိက္ခာပြတ်မယ်။ ကျန်းမာရေးအတွက် ဆေးခန်း၊ ဆေးရုံသွားဖို့ အခက်အခဲဖြစ်မယ်။ မွေးလူနာ သက်ကြီးရွယ်အိုတွေအတွက်လည်း အင်မတန်ခက်ခဲနိုင်တယ်။ အခုဈေးကားမထွက်ရဘူး။ မိုင်ယာသ်ကားအတွက်လည်း အနှောက်အယှက်ဖြစ်လာနိုင်တယ်။ မန်စီသုသာန်ကိုပို့ရတော့မှာ မဟုတ်ဘူး။ အခက်အခဲတွေ အများကြီးဖြစ်လာမှာကို စိုးရိမ်မိတယ်” ဟု ဒေသခံ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက Myanmar Muslim Media သို့ပြောသည်။
အောင်မင်္ဂလာရပ်ကွက်မှ သက္ကပြင်ကျေးရွာသို့ နံနက်တစ်ကြိမ် ညနေတစ်ကြိမ်ထွက်သောဈေးကားနှင့် ဈေးဝယ်လိုက်လိုသော ရိုဟင်ဂျာတစ်ဦးလျှင်ငွေ ၁၀၀၀ ကျပ်ပေးရပြီး ကားပေါ်လိုက်ပေးမည့် လုံခြုံရေးတာဝန်ရှိသူများကို ရာထူးအလိုက်ငွေ ၃၀၀၀ မှ ၅၀၀၀ ကျပ်အထိပေးရကြောင်း ဈေးဝယ်ဖူးသည့် ဒေသခံတစ်ဦးက ရှင်းပြသည်။
ရိုဟင်ဂျာများကို အောင်မင်္ဂလာရပ်ကွက်အတွင်းမှ ရွှေ့ပြောင်းပေးရန် မေ ၁၂ ရက်က ပြည်နယ်ဝန်ကြီးချုပ်ထံတောင်းဆိုပြီးနောက် မေ ၁၃ ရက်နေ့က ဈေးကားနှင့်ဈေးဝယ်သွားမည့် ရိုဟင်ဂျာတစ်ဦးချင်းစီကို လုံခြုံရေးတာဝန်ရှိသူများက အမည်စာရင်းကောက်ခြင်း၊ ဓာတ်ပုံမှတ်တမ်းယူခြင်းတို့ ပြုလုပ်သဖြင့် အထိတ်တလန့် ဖြစ်ခဲ့ရပြီး မေလ ၁၄ရက်နေ့တွင် အခြေအနေမကောင်းဘူးဟုဆိုကာ ဈေးကားမထွက်ရန်ပင် အမိန့်ပေးလိုက်ကြောင်း အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။
မေလ ၂၁ ရက်တွင် အစိုးရအဖွဲ့က ဦးဆောင်ပြီး ဌာနဆိုင်ရာအဖွဲ့များ၊ ရခိုင်တိုင်းရင်းသားများသည် ရိုဟင်ဂျာများနှင့်အတူ အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ ရိုဟင်ဂျာလူဦးရေစာရင်းကို စစ်ဆေးသွားရန်ရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
အစိုးရဘက်က AA ရခိုင်လက်နက်ကိုင်များကို တိုက်ခိုက်နေသည့်အပေါ် အစိုးရကိုအာရုံလွှဲရန် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ အစ္စလာမ်ဘာသာဝင်ရိုဟင်ဂျာများကို ယခုကဲ့သို့အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင်သုံးသပ်ချက်များလည်းထွက်ပေါ်နေသည်။

Ref: ဆူးနီ၊သူဇာ (Myanmar Muslim Media)
မေ ၁၄၊ ၂၀၁၆