အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ အားလုံးနီးပါးနဲ့ ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေကို တပ်မတော်က လာရောက် ခေါ်ဆောင်သွားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် တို့ကို နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေက ဘီဘီစီကို အတည်ပြုပါတယ်။
တပ်မတော်က လာရောက် ခေါ်ဆောင်သွားသူတွေထဲ မှာ ဒေါက်တာ တင်မျိုးဝင်း၊ ဦးဟံသာမြင့် နဲ့ ဦးဉာဏ်ဝင်းတို့ ပါဝင်ကြောင်းနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေလည်း ထိန်းသိမ်းခံရပြီး သူတို့နဲ့ အဆက်အသွယ် ပြတ်နေတယ်လို့ လည်းသိရပါတယ်။
ဒါ့အပြင် ကယားပြည်နယ် ဘော်လခဲက NLD ဥက္ကဋ္ဌကိုလည်း လာရောက် ခေါ်ဆောင်သွားခဲ့သလို ပြည်ခရိုင် ပန်းတောင်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကတော့ တပ်မ ၆၆ က လာရောက် ခေါ်ဆောင်ခဲ့ရာမှာ သူက မလိုက်နိုင်ဘူးဆိုပြီး ဗီဒီယို တိုက်ရိုက်လွှင့်လို့ စစ်ကားတွေ ပြန်သွားကြတယ်လို့လည်း သိရပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီဝင်တွေနဲ့ ကိုယ်စားလှယ် အချို့ကိုသာမက အမျိုးသား ဒီမိုကရေစီပါတီကို ထောက်ခံတဲ့ ရန်ကုန်က တက်ကြွ လှုပ်ရှားသူအချို့ကိုလည်း တပ်မတော်က ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ဘီဘီစီက သိရပါတယ်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ထိန်းသိမ်းထားပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို အမှတ် (၂၂) ခြေမြန်တပ်မ ဌာနချုပ်မှာ ထိန်းသိမ်းထားတယ် လို့ နီးစပ်တဲ့ ဒေသခံ အသိုင်းအဝန်းဆီက သိရပါတယ်။
ဒါ့အပြင် နေပြည်တော်မှာ ရှိတဲ့ သတင်းထောက်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း အဆက်အသွယ်တွေ ပြတ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေဆီ သိရပါတယ်။
လတ်တစ်လောမှာ မြန်မာ့ရုပ်မြင်သံကြား (MRTV) ရုံးဝန်းကို တပ်မတော်က လာရောက် ဝန်းရံထားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဆက်သွယ်မှု အခက်အခဲတွေကြောင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ ရုပ်မြင်သံကြား (MRTV) နဲ့ မြန်မာ့အသံ ရေဒီယို အစီအစဉ်များ ပုံမှန် ထုတ်လွှင့်နိုင်မှု မရှိပါသေးကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ထုတ်ပြန်ပါတယ်။
