Thursday, November 26, 2020

ရခိုင်အရေး ICOE အစီရင်ခံစာပေါ် ဝေဖန်ချက်များထွက်

 

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အကဲခတ်တွေရဲ့ အမြင်တွေကို စုစည်းတင်ပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ရဲ့ အပြီးသတ် အစီရင်ခံစာအဖြစ် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ထုတ်ပြန်ရာမှာ အမှုပေါင်း ၁၀၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့တာပါ။ စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်နဲ့ ဆက်စပ်ပြီး ရာဇဝတ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးဖို့ အထောက်အထား ခိုင်လုံတယ်ဆိုရင် တရားစွဲဖို့ အပါအဝင် နောက်ဆက်တွဲ ဆောင်ရွက်ဖို့လည်း မနေ့တုန်းကပဲ ရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။ စုံစမ်းရေးအဖွဲ့က တွေ့ရှိခဲ့တဲ့ အမှုတွေထဲမှာတော့ အများစုဟာ ARSA ရိုဟင်ဂျာအဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်းနဲ့ ကျန်အမှုတွေကိုတော့ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ကျုးလွန်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက စွပ်စွဲထားသလို တပ်မတော်က ကျုးလွန်တဲ့ လုပ်ရပ်တွေ ပါဝင်တာတော့ မတွေ့ရပါဘူး

လူ့အခွင့်အရေးလှုပ်ရှားမှုအဖဲြ့တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေဟာ နိုင်ငံတကာ အသိုင်းအဝန်းအတွက် ကျေနပ်လောက်စရာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ တွေ့ရှိချက်ဆိုလို့ရှိရင် တပ်မတော်ပိုင်းကလည်း ကျူးလွန်တယ်ဆိုတဲ့ အချက်တွေရှိနေတယ်။ ဒါကိုမတွေ့တာလား၊ ဒါမှ မဟုတ်လို့ရှိရင် မကိုင်တွယ်တာလား၊ ဒါမှမဟုတ်ရင် မဖော် ပြတာလား၊ ဒီဟာကို ကျနော်တို့ မေးစရာ ဖြစ်လာပါတယ်။ စုံစမ်းစစ်ဆေးမှုလုပ်မယ်ဆိုရင် ကျုးလွန်တဲ့ အမှုတွေအားလုံးကို ကျနော်တို့က စုံစမ်းစစ်ဆေးပြီးတော့ ဒါနဲ့ပတ်သတ်ပြီးတော့ ပြည့်ပြည့်စုံစုံလုံလုံလောက်လောက်ဖော်ပြထားမှု အချက်က ပထမဦးဆုံး တွေ့ရှိရတဲ့အချက် အဲဒီမှာ အားနည်းတယ်လို့ပြောလို့ရပါတယ် ခင်ဗျ။ တကယ်လို့ ဒီမှာ ကျူးလွန်တဲ့ သူတွေက နာမည်လည်း ဖော်ပြခံမထိဘူး၊ တချိန်တည်းမှာတင် အပြစ်ပေးအရေးယူမှုအတွက် တာဝန်ယူပြီးတော့ သေသေချာချာ အပြစ်ပေးခံရမယ်၊ တရားဥပဒေဘောင်အတွင်း ရောက်ရှိမယ်ဆိုတဲ့ အချက်မျိုး အာမ မခံနိုင်ချင်းတော့ ဒီကိစ္စတခုက ဘယ်လောက်မှထိရောက်သော ကာကွယ်မှု ဖြစ်မှာမဟုတ်ဘူးခင်ဗျ။"

ရှေ့နေချုပ်ရုံး ထုတ်ပြန်ချက်ထဲမှာ ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးတာနဲ့ တရားစွဲဆိုခြင်းများဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ကော်မရှင်၏ အစီရင်ခံစာအရ ဖြစ်စဉ် ၁၃ ခုမှာ ARSA နဲ့အလိုတူ ပူးပေါင်းပါဝင်သူများ ကျူးလွန်မှု ၈၇ မှု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ကျူးလွန်မှု ၂၃ မှုနဲ့ ဒေသခံတိုင်းရင်းသားများ ကျူးလွန်မှု ၂၉ မှုပေါင်း အရေးယူဆောင်ရွက်ရမည့်အမှု စုစုပေါင်း ၁၃၉ မှုရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့လည်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံ အမှုရင်ဆိုင်နေရတဲ့အထိ နိုင်ငံတကာရဲ့ ဖိအားတွေ ကြုံနေရချိန်မှာ ဒီထက်မက လက်တွေ့လုပ်ပြဖို့ လိုတယ်လို့လည်း မြန်မာ့အရေး လေ့လာသူ ဒေါက်တာခင်ဇော်ဝင်းက မြင်ပါတယ်။

"နိုင်ငံတကာ ရုံးက ဆွဲထားတဲ့ အမှုတွေကို ပေါ့လျော့ဖို့တော့ သိပ်တော့မမျှော်လင့်နဲ့ဦး။အမှုဖြစ်စဉ်တွေ၊ ဓာတ်ပုံတွေ လွတ်လပ်တဲ့ သက်သေခံသူတွေ မရှိဘဲနဲ့ ဒါတွေကို အရေးယူတယ်ဆိုတာက သိပ်လက်ခံနိုင်စရာ အကြောင်းတော့ မရှိဘူး။ နိုင်ငံတကာက လက်ခံနိုင်မယ်မထင်ဘူး။ ဒီထက်မကတော့ လုပ်ပြရလိမ့်မယ်။"

စုံစမ်းရေးကော်မရှင်ရဲ့ တွေ့ရှိချက်မှာ ဖော်ထုတ်မရတဲ့ အမှုတွေရှိနေတယ်လို့ ဖော်ပြထားပေမယ့် အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ရှေ့နေချုပ်ရုံးနဲ့ ICOE အဖွဲ့ဝင် တချို့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ ဖြေကြားမယ့်သူ မရှိပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဟာဂျီ ဦးအေးလွင်ကတော့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဖြေရှင်းရာမှာ ပြဿနာရဲ့ ဇစ်မြစ်ကို ဖော်ထုတ်နိုင်ဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။

"ARSA ဟာ အကြမ်းဖက် လက်နက်ကိုင်တော်လှန်ရေး လုပ်လောက်အောင် ဘာက သူ့ကို အကြောင်းခံပြီး တိုက်တွန်းလဲဆိုတဲ့ အချက်ကို ကျနော်တို့ သဘောပေါက်မှသာလျှင် ကျနော်တို့ နောက်နောင် ဒီလိုပဋိပက္ခမျိုးတွေက ချုပ်ငြိမ်းသွားမယ်။ သေချာဆန်းစစ်ရမယ်။ အဲဒါက ပိုအဓိက ကျတယ်လို့ ထင်ပါတယ်။ လူ့အခွင့်အရေးသမားတွေ ဒါ ခေါင်းထဲကိုရောက်ဖို့ လိုပါတယ်။"

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ် အရေးယူတာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။

တချိန်တည်းမှာပဲ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားမှုအဖွဲ့ BROUK ကတော့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ကြားဖြတ်အမိန့် ထုတ်ပြန်ထားပေမဲ့ လိုက်နာဖို့ ပျက်ကွက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့တရားရုံးရဲ့ အမိန့်ကို မြန်မာနိုင်ငံက လိုက်နာအောင် နိုင်ငံတကာက ဖိအားပေးဖို့လည်း မနေ့တုန်းကပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။