Wednesday, November 23, 2016

ရိုဟင်ဂျာရွာ ၅ ရွာမှာ အဆောက်အအုံ ၈ ရာကျော် မီးရှို့ခံထားရကြောင်း HRW ထုတ်ပြန်

■ ဆက်သွယ်ရေးဂြိုလ်တုက လတ်တလော ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ... အခုလအတွင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင်ကျေးရွာ ၅ ခုမှာ နောက်ထပ် အဆောက်အဦး ၈ ရာကျော် မီးရှို့ဖျက်ဆီးခံထားရတာ တွေ့ရတယ်လို့ နယူးယောက်အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က နိုဝင်ဘာလ (၂၁) ရက်နေ့
ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ အခုလဆန်းပိုင်းက နေအိမ်အလုံး ၄၃ဝ ဖျက်ဆီးခံထားရတဲ့ ဓာတ်ပုံတွေ တွေ့ခဲ့ရပြီးနောက်၊ နိုဝင်ဘာလ ၁ဝ ရက်နဲ့ ၁၈ ရက်ကြားမှာ နောက်ထပ် နေအိမ်အလုံး ၈၂ဝ မီးလောင် ပျက်စီးနေတာ တွေ့ခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီထဲမှာ ရေခပ်ချောင်းဂွဆုံ ကျေးရွာမှာ နေအိမ် ၂၅၅ လုံး၊ ဒါးကြီးဇား ကျေးရွာမှာ ၂၆၅ လုံး၊ ပွင့်ဖြူချောင်းကျေးရွာမှာ ၆၅ လုံး၊ မြောတောင်ကျေးရွာမှာ ၁၅ လုံးနဲ့၊ ဝါးပိတ်ကျေးရွာက နေအိမ်အလုံး ၂၂ဝ ပါဝင်တယ်လို့ ပြောပါတယ်။ ဒီဓာတ်ပုံ အထောက်အထားတွေအရ ပျက်စီးမှုတွေဟာ အစိုးရက ထုတ်ပြန်ထားတဲ့စာရင်းတွေထက် အဆမတန် ပိုများနေတယ်လို့ HRW အဖွဲ့ရဲ့ အာရှဒေသညွန်ကြားရေးမှူး Brad Adams က ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီမီးရှို့ဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့၊ ဒီစုံစမ်းစစ်ဆေးမှုတွေမှာ ကုလသမဂ္ဂ ပါဝင်ဖို့ အရေးကြီးကြောင်းလည်း HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာလ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ… နိုဝင်ဘာလ ၁ဝ ရက်နေ့က HRW က ထုတ်ပြန်တဲ့ မီးလောင်ပျက်စီးတဲ့ အဆောက်အအုံ အရေအတွက်ဟာ မှန်ကန်မှုမရှိကြောင်း ပြောဆိုထားပါတယ်။