မန္တလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NlD) ပါတီဝင် လူငယ်တစ်ဦးနှင့် ဇနီးဖြစ်သူမှာ ဖမ်းဆီးခံရပြီး နှစ်ရက်အကြာတွင် သေဆုံးပြီဟု မိသားစုက သတင်းရသော်လည်း အလောင်းပြန်မရပေ။
မန္တလေးမြို့ NLD ပါတီဝင် လူငယ်တစ်ဦးဖြစ်သူ အသက် ၃၂ အရွယ် ကိုသဲထွေးမောင်(ခ) ကိုမုန်းမာန်နှင့် ဇနီးဖြစ်သူ ၃၈ နှစ်အရွယ် မနန်းဆိုသူမှာ ဒီဇင်ဘာ ၁၃ ရက်က ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ နှစ်ရက်အကြာ မိသားစုလိုက်လံစုံစမ်းစဉ် သေဆုံးသည်ဟုသာ သိရခြင်းဖြစ်သည်။
အဆိုပါ လူငယ်ဇနီးမောင်နှံမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ကို ထောက်ပံ့သည်ဟု စွပ်စွဲခံရပြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တွင် စစ်ကောင်စီက အင်အား ၃၀ ကျော်ဖြင့် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။
အဖမ်းခံရပြီး နှစ်ရက်အကြာ ဒီဇင်ဘာ ၁၅ တွင် မိသားစုက မြို့နယ်ရဲစခန်းသို့ သွားရောက်စုံစမ်းရာတွင် သေဆုံးပြီဟုသာ ပြောပြီး အကျိုးအကြောင်းမသိရဟု အထက်ပါနီးစပ်သူက ဆိုသည်။
“စစမ်းဖမ်းချင်း နယ်မြေရဲစခန်းကို သွားမေးတော့ စစ်ကြောရေးမှာလို့ ပြောတယ်။ နောက်နေ့ သေသွားပြီလို့ သတင်းတွေထွက်တော့ ထပ်သွားမေးတာ လင်မယားနှစ်ဦးလုံးကို သင်္ဂြိုဟ်လိုက်ပြီလို့ ပြောလိုက်တယ်” ဟု အမည်မဖော်လိုသည့် ထိုသတင်းရင်းမြစ်က ပြောသည်။
တစ်ဆင့်စကားအရ ကိုသဲထွေးမောင်တို့ ဇနီးမောင်နှံကို အတူတကွစစ်ဆေးမေးမြန်းစဉ် ဇနီးသည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးစွာသတ်ပစ်လိုက်သည်ဟု သိရကြောင်း ၎င်းက ပြောသည်။
"(ကိုသဲထွေးမောင်က) သူမသိကြောင်းပြောတော့ မဖော်ရင် မိန်းမကို သတ်ပြစ်မယ် ခြိမ်းခြောက်ပြီး မိန်းမကို အရင်သတ်ပြတယ်။ နောက်ပြီး သူ့ကိုပါ သတ်လိုက်တယ်။ အဲဒီလိုပဲ သိရတယ်”ဟု ထိုသူက ဆက်ပြောသည်။
သေဆုံးသည်ဟု ယူဆထားသည့် ဇနီးမောင်နှံနှင့် ရင်းနှီးသူတစ်ဦး၏ အဆိုအရ စတင်ဖမ်းဆီးခံရသည့် နေ့တွင် စစ်တပ်က ကိုသဲထွေးမောင်ကို ၎င်း၏လက်ကိုင်ဖုန်းဖြင့် မိတ်ဆွေများထံ လှည့်လည်ဆက်သွယ်ခိုင်းခဲ့သည်ဟု သိရသည်။
“အဲဒီနေ့က နှစ်ကြိမ်ဆက်သွယ်တယ်။ ဒါပေမဲ့ သူဖမ်းခံထားရကြောင်း ပြောချင်နေသလိုပဲ။ စကားတွေက မူမမှန်ဘူး။ သူခြိမ်းခြောက်ခံထားရတယ်။ အခြားသူတွေကိုလည်း သူ့ရဲ့ Facebook ကတစ်ဆင့် လိုက်ဆက်သွယ်တယ်။ မူမမှန်လို့ ဓာတ်ပုံရိုက်ပြခိုင်းတော့ ပုံထဲ သူ့နှဖူးမှာက သေနတ်ဒင်ရာလိုမျိုးကြီးနဲ့” ဟု ထိုသူက ပြောသည်။