Thursday, July 16, 2020

ရသေ့တောင်မှာ တပ်မတော်သားသုံးဦးက အဓမ္မပြုကျင့်တယ်ဆိုတဲ့အမှု အရေးယူဖို့ ကာယကံရှင်အမှုဖွင့်

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ဇွန်လ ၃၀ ရက်နေ့ညက မြန်မာ့တပ်မတော်သား သုံးဦးက ရွာခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တာကို အရေးယူပေးဖို့ဆိုပြီး ကာယကံရှင်အမျိုးသမီးက စစ်တွေ မြို့မရဲစခန်းမှာ ဇူလိုင်လ ၁၀ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၃၇၆- မုဒိမ်းမှု၊ ပုဒ်မ ၃၆၆ အတင်းအဓမ္မ သွေးဆောင်ဆွဲခေါ်မှု၊ ပုဒ်မ ၁၄၄ ပြစ်မှုကျူးလွန်ဖို့ အတွက် အားပေးမှု... စတဲ့ ပုဒ်မသုံးခုနဲ့ တိုင်ချက်ဖွင့်ခဲ့တာလို့ ကာယကံရှင်အမျိုးသမီးအတွက် အကူညီပေးနေ သူတွေထဲမှာ ပါဝင်တဲ့ စစ်တွေမြို့ခံ ဒေါ်ညိုအေးက ပြောပါတယ်။

ကာယကံရှင် တရားလိုအမျိုးသမီးကတော့ အမှုမှန် ပေါ်ပေါက်စေဖို့အတွက် ရဲစခန်းမှာ အခုလို အမှုဖွင့် တိုင်ကြားလိုက်တာလို့ သတင်းထောက်တွေကို ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာ AA  ရက္ခိုင့်တပ်တော်ကို စစ်ဆင်ရေးဆောင်ရွက်နေတဲ့ တပ်မတော်သားသုံးဦးက ဦးဂါကျေးရွာက သားသမီးလေးဦးရဲ့ မိခင်ဖြစ်သူ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ကြသလို  သမီးဖြစ်သူကိုပါ အဓမ္မပြုကျင့်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြတယ်လို့ ကာယကံရှင်အမျိုးသမီးက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့... တပ်မတော်သားတွေက အဓမ္မပြုကျင့်တယ် ဆိုတဲ့စွပ်စွဲချက်ကို ငြင်းဆိုထားပြီး တရားဥပဒေကြောင်းအရ ဖြေရှင်းစေလိုကြောင်း RFA ကိုပြောဆိုထားပါတယ်။