Wednesday, April 3, 2019

ချောက်ဗလီနှစ်လုံးတွင်ပြန်လည်ဝတ်ပြုခွင့် ပေးသည့်တိုင်းအစိုးရအဖွဲ့ အမိန့်ကို မြို့နယ်အုပ်ချုပ်ရေးက မဲခွဲပယ်ချ


မကွေးတိုင်းဒေသကြီးချောက်မြို့ တွင် အကြမ်းဖက်ဖျက်ဆီးခံရသဖြင့် ၀တ်ပြုခွင့်ပိတ်ခံထားရသည့် ဗလီဝတ်ကျောင်းတော်နှစ်လုံးပြန်လည်ဖွင့်လှစ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ညွန်ကြားချက်ကို မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက ဗုဒ္ဓဘာသာဝင်အများစု၏ ဆန္ဒမဲဖြင့် ပယ်ဖျက်လိုက်သည်။

“မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြင်ဆင်ခွင့်မပြုဘဲ ၀တ်ပြုရန်လို့ ၂၀၁၇ ကတည်းကခွင့်ပြုတဲ့ဟာကို မြို့နယ်စည်ပင်က ဦးနေမန်းက တားမြစ်နယ်မြေဆိုတဲ့ ဆိုင်းဘုတ်ကိုဖြုတ်မပေးခဲ့ဘူး၊ဖြုတ်ပေးဖို့သွားပြောတော့လည်း တိုင်းအမိန့်မှာ တားမြစ်နယ်မြေဆိုင်းဘုတ် ဖြုတ်ပေးဖို့မပါတဲ့အတွက် ၀င်ဖတ်ရင် ဥပဒေအရအရေးယူလို့ရတယ်လို့ပြောတယ်၊ အဲဒီ့အချိန်မှာ မြို့နယ်အုပ်ချုပ်ရေးက ခရိုင်ညွန်ကြားချက်ဆိုပြီး ဆိုင်းငံလိုက်တာ အခုလို ၂ နှစ်ကြာမှ မဲခွဲဆုံးဖြတ်တာပဲ၊ မဲဆန္ဒလိုက်ကောက်တော့ မွတ်စလင်မ်ထဲက တစ်ယောက်မှ မပါပါဘူး”ဟု လုံခြုံရေးအရအမည်မဖေါ်လိုသည့် ချောက်မြို့မှ ဗလီဂေါပက တစ်ဦးက Myanmar Muslim Media သို့ပြောသည်။
ချောက်မြို့ အမှတ် ၁၁ ရပ်ကွက်ရှိ မင်္ဂလာဗလီ အတွက်မဲခွဲရာတွင် ကန့်ကွက်မဲ ၁၉ ၅ မဲ ထောက်ခံမဲ (၅၉ )မဲ၊ အမှတ် ၉ ရပ်ကွက်ရှိ ဈေးဗလီအတွက်မဲခွဲရာတွင် ကန့်ကွက်မဲ ၂၃၂ မဲ ထောက်ခံမဲ (၄၃) မဲ တို့ဖြင့်ဗလီဝတ်ကျောင်းတော်များအတွင်း ပြန်လည်ဝတ်ပြုခွင့်ရရေးကြိုးပမ်းမှုကို မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးသည့် မဲခွဲပွဲက အဆုံးသတ်ပေးခဲ့သည်။
“စိတ်မကောင်းဖြစ်ပြီး ငိုရတာပေါ့၊ အများကြီးကျိုးပမ်းခဲ့တာပဲ ရပ်ကွက်က မွတ်စလင်မ်အိမ်ခြေက နှစ်ဆယ်သုံးဆယ် လောက်ရှိတာရယ် မဲခွဲတော့ ဘယ်လိုလုပ်နိုင်မှာလဲ၊ကျွန်တော်တို့သေတဲ့အထိတောင် ဗလီထဲပြန်ဝင်ရပါတော့မလားမသိဘူး၊၂၀၀၆ အဖျက်ခံရတုန်းထက်တောင် ပိုခံစားရတယ်”ဟု ချောက်မြို့မှ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ဟာရှင်(ကျားပျံ)က Myanmar Muslim Media သို့ပြောသည်။
မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့နယ်ရှိ နွယ်တမယ်တံတားအနီးတွင် ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို ချောက်မြို့မှ အစ္စလာမ်ဘာသာဝင် ၃ ဦးက မုဒိန်းကျင့်ကြောင်း သတင်းပျံ့နှံ့ခဲ့ပြီးနောက် ဆင်ဖြူကျွန်း၊ ချောက်၊ ပွင့်ဖြူ၊ စလင်းမြို့တို့မှ ဗလီဝတ်ကျောင်းတော် ၆ လုံးနှင့်အစ္စလာမ်ဘာသာဝင်ပိုင် ဆိုင်ခန်း အိမ်များကို၂၀၀၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဒေသခံများကအကြမ်းဖက်ဖျက်ဆီးခဲ့ရာ ယနေ့အချိန်အထိ ပွင့်ဖြူ ဗလီဝတ်ကျောင်းတော်တစ်လုံးသာ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိထားသည်။
ချောက်မြို့နယ်တွင် ဗုဒ္ဓဘာသာဝင်နှင့်အစ္စလာမ်ဘာသာဝင် ဦးရေအချိုးမှာ ၁၅၅း၁ ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များအတွက် ဘုရား၊ စေတီ၊ သီလရှင်ကျောင်း၊ ဘုန်းကြီးကျောင်း ၊ ဓမ္မာရုံ အရေအတွက် ၆၉ ၀ ရှိပြီး အစ္စလာမ်ဘာသာဝင်များအတွက်မူ ၀တ်ပြုခွင့်ပိတ်ပင်ခံထားရသည့် ၀တ်ကျောင်းတော် နှစ်လုံးသာရှိကြောင်း အစိုးရကထုတ်ပြန်ထားသည့် အချက်အလက်များအရသိရသည်။
ဓာတ်ပုံ၊ အကြမ်းဖက်ဖျက်ဆီးခံထားရသည့် ချောက်မြို့မှ ဗလီဝတ်ကျောင်းတော် ၂ လုံ