ဧရာဝတီတိုင်းမ်
ပုသိမ်၊ အောက်တိုဘာ ၂၇။
ပုသိမ်၊ အောက်တိုဘာ ၂၇။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်မှ ဧရာဝတီတိုင်းဒေသကြီး၏ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေးဌာနတာဝန်ရှိသူများနှင့် ပုသိမ်မြို့ မြို့တော်ခန်းမတွင် ယနေ့နေ့လည်ပိုင်းတွင် တွေ့ဆုံခဲ့ သည့်ပွဲတွင် ပုဂ္ဂလိက သတင်းမီဒီယာများအား သတင်းရယူမှု ပိတ်ပင်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်မှ လမ်းညွှန်ချက်အမှာစကားပြောကြားပြီးနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်မှ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ပတ်သက်သည့်တင်ပြချက်များ စတင်ချိန် တွင် လုံခြုံရေးတာဝန်ရှိသူများမှ ပုဂ္ဂလိက သတင်းမီဒီယာများအားလုံးကို တွေ့ဆုံပွဲခန်းမအပြင်ဘက်သို့ ထွက်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း မီဒီယာသမားများထံမှ သိရသည်။
“ နိုင်ငံတော် သမ္မတရဲ့ အမှာစကားကိုတောင်မှ သတင်းယူလို့ရတယ်၊ တိုင်းအစိုးရအဖွဲ့၊ လွှတ်တော် နဲ့ တရားရေးဌာနရဲ့ သမ္မတထံတင်ပြချိန် ကျမှမီဒီယာသမားတွေ ကို ဘာလို့အပြင်ထွက်ခိုင်းတာ စဉ်းစားစရာဖြစ်နေပါတယ်”ဟု မြစ်မခသတင်းအေဂျင်စီမှ တိုင်းတာဝန်ခံ အကြီးတန် သတင်းထောက် ကိုမျိုးမင်းထွန်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ တရားရေးဌာနရဲ့တင်ပြနေချိန်အတွင်း အပြင်ထွက်ပေးရန် လုံခြုံရေးတာဝန်ရှိသူများမှ ပုဂ္ဂလိက သတင်းမီဒီယာများအား ပြောဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ နိဂုံးချုပ်အမှာစကားပြောကြားချိန်တွင် ခန်းမအတွင်းသို့ဝင်ရောက် သတင်းယူနိင်ကြောင်း လုံခြုံရေးတာဝန်ရှိသူများမှပြောကြား ခဲ့ကြောင်း မီဒီယာသမားများထံမှ သိရသည်။
ပုဂ္ဂလိက သတင်းမီဒီယာများအား အစိုးရအဖွဲ့၊ လွှတ်တော် နဲ့ တရားရေးဌာနရဲ့တင်ပြနေချိန်အတွင်း အပြင်ထွက်ခိုင်းခဲ့သော် လည်း နိုင်ငံပိုင်မီဒီယာများဖြစ်သည့် MRTV၊ နိုင်ငံတော်သမ္မတရုံး၊ ပြန်/ဆက် စသည့်ဌာနများမှ သတင်းထောင်များအား ဆက်လက် သတင်းရယူခွင့်ပြုခဲ့သည်။
“ အရင်အစိုးရလက်ထက် သမ္မတ ဦးသိန်းစိန် ဧရာဝတီတိုင်းကို လာတဲ့တွေ့ဆုံပွဲတွေမှာ တစ်ခါမှဒီလိုမဖြစ်ခဲ့ဘူး၊ အခုဖြစ်ရပ်က အရမ်း ရုပ်ဆိုးတယ်၊ ပွင့်လင်းမြင်သာမှုဆိုတာ ဘာလဲဆိုတာ မေးရ မလိုဖြစ်နေတယ်၊အစိုးရအဖွဲ့၊ လွှတ်တော်နဲ့တရားရေး ဌာန ရဲ့တင်ပြချက်တွေကို မီဒီယာတွေမသိစေချင်လို့ အပြင်ထုတ် ထား တာလားလို့ မေးရမလိုဖြစ်နေတယ်” ဟု ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ဆလိုင်းသန့်စင်မှ ပြောသည်။
ပုသိမ်မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့သည် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲတွင် ဧရာဝတီ၊ မြစ်မခ၊ DVB၊ ဧရာဝတီတိုမ်း၊ BNI ၊ New Watch စသည့် သတင်းမီဒီယာ များအပါအ၀င် သတင်းသမားများ ၃၀ ကျော် တက်ရောက်သတင်း ရယူခဲ့ကြောင်း သိရှိရသည်။
သတင်း+ဓါတ်ပုံ – ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
Ayeyarwaddy Times