| စစ်ပွဲကြောင့် ထွက်ပြေးရသည့် ကချင်ပြည်သူများ |
မြန်မာနိုင်ငံက သူနေထိုင်ရာရွာမှာ သေနတ်သံတွေ ကြားရတဲ့အချိန် Tang Seng တစ်ယောက် သူ့ရဲ့ အဖွားကို ကျောပိုးပြီး တိုက်ခိုက်မှုတွေကနေ ထွက်ပြေးရမလား ဒါမှမဟုတ် သွားပြီး ကူညီရမလားဆိုတာ ဝေခွဲမရ ဖြစ်ခဲ့ပါတယ်။ အဘွားဖြစ်သူက သူ့ကိုသတ်ပစ်ပြီး ထားခဲ့ဖို့ ပြောပေမယ့် Tang Seng က လက်မခံပါဘူး။
အဘွားဖြစ်သူ Supna Hkawn Bu ကို ကျောပိုးရင်း Twang Seng ဟာ ရွာကထွက်လာကာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေနေထိုင်တဲ့ ယာယီစခန်းကို လမ်းလျှောက်သွားခဲ့ရပါတယ်။ သူတို့မိသားစုဟာ အခုအချိန်အထိ အဲဒီမှာ နေထိုင်နေရတုန်းပါ။ Supna Hkawn Bu ရဲ့ ဘ၀သက်တမ်းတစ်လျှောက် ပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ရတာ ၅ ကြိမ်အထိ ရှိခဲ့ပြီး ပထမဆုံး ရောက်လာတဲ့ ၂ ရက်မှာ သူမဟာ စကားမပြောနိုင်ပါဘူး။
မြန်မာနိုင်ငံကစစ်ပွဲလို့ ပြောလိုက်ရင် ရိုဟင်ဂျာကိစ္စကို ပြေးပြေးမြင်ကြပေမယ့် ဒုက္ခသည်ဘ၀ရောက်နေတဲ့ Tang Seng နဲ့ သူ့ရဲ့ အဘွားဖြစ်သူတို့ဟာ ရိုဟင်ဂျာတွေ မဟုတ်ပါဘူ။ သူတို့ဟာ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က ဖြစ်ပါတယ်။ ခရစ်ယာန်လူနည်းစုဝင်တွေနဲ့ အစိုးရစစ်တပ်အကြား ဖြစ်နေတဲ့ အဲဒီကပဋိပက္ခဟာ တိုင်းပြည်က နောက်ထပ် ကြမ်းကြုတ်မှုတစ်ခုဖြစ်ပေမယ့် လူတွေကြားထဲမှာ သိပ်ပြီး ထင်ထင်ပေါ်ပေါ် မရှိပါဘူး။
အမေ့ခံစစ်ပွဲ
လူဦးရေ ၁.၆ သန်းလောက်ရှိတဲ့ ကချင်လူမျိုးတွေဟာ တရုတ်-မြန်မာနယ်စပ်က တောင်တန်းဒေသတွေမှာ ရာစုနှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း နေလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ ဗြိတိသျှထံကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ ရရှိမယ်လို့ ကချင်တွေအပေါ် ကတိထားခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပဋိပက္ခဖြစ်လာပြီး ကချင်မြေကို ကာကွယ်ဖို့အတွက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA လည်း ပေါ်ပေါက်လာခဲ့ပါတယ်။
၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အာဏာရတဲ့အခါ သူမဟာ စစ်ပွဲတွေကို ရပ်တန့်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် ပေါ်ထွက်လာပါတယ်။ ဒါပေမယ့် တောင်ပိုင်းက ရိုဟင်ဂျာပြဿနာနဲ့အတူ အခြေအနေက ပိုပြီး ဆိုးဝါးလာပါတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာမှာ အဲဒီအချိန်က စစ်တပ်တစ်ပိုင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ခု လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ဆဲရေးစာချုပ် (NCA) ကို လက်မှတ်ထိုးဖို့ ဒေါ်အောင်ဆန်းစုကြည်က အခြား လက်နက်ကိုင်အုပ်စုတွေကို တိုက်တွန်းပါတယ်။ ဒါပေမယ့် စစ်တပ်က ကချင်ရွာတွေကို ဗုံးကြဲနေတဲ့အတွက် KIA ကတော့ လက်နက်စွန့်ဖို့ စိတ်မ၀င်စားပါဘူး။
“ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေဟာ လုံးဝ လက်မခံနိုင်စရာဖြစ်ပြီး ချက်ခြင်း ရပ်တန့်ရပါလိမ့်မယ်။ အပြစ်မဲ့အရပ်သားတွေ သတ်ဖြတ်ခံနေရတယ်၊ ဒဏ်ရာရနေတယ်။ မိသားစုရာနဲ့ချီ အသက်ဘေးလွတ်အောင် ထွက်ပြေးနေရပါတယ်” လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောကြားခဲ့ပါတယ်။
“တိုင်းရင်းသားတွေအားလုံးနဲ့ပတ်သက်ပြီး ဒီကနေ့ ကျွန်မတို့အမြင်ကတော့ အရင်အတိုင်းပါပဲ။ သူတို့ဟာ သူတို့ရဲ့မြေကို ကာကွယ်နေပြီး လူ့အခွင့်အရေးကို အတူတကွ မျှဝေခံစားနိုင်အောင် ကြိုးစားနေကြတယ် ဆိုတာပါ” လို့ ကချင်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Ja Seng Hkawn Maran က ပြောကြားခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီအချက်ကို သဘောတူပါတယ်။
“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က စစ်တပ်ရဲ့ သေနတ်ပြောင်းကနေ ထွက်လာတာဗျ။ ဒါဟာ တိုင်းရင်းသားလူမျိုးစုတွေကို အကြမ်းနည်းနဲ့ ငြိမ်ဝပ်အောင် လုပ်တာပါ” လို့ Fortify Rights က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကျွမ်းကျင်သူ ဒေးဗစ် ဘော့လ်က်က ပြောပါတယ်။
အကြမ်းနည်းနဲ့ ငြိမ်းချမ်းအောင် လုပ်တာဟာ ကချင်ပြည်နယ်မှာ အရှိန်မြင့်လာပါတယ်။ ဧပြီလကတည်းက မော်တာတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာကြောင့် ရွာသား ၆၈၀၀ ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ထွက်ပြေးခဲ့ရတဲ့ ကချင်ပြည်သူအရေအတွက်က ၁၃၀၀၀၀ လောက် ရှိနေတာပါ။ တော်တော်များများဟာ တောထဲမှာ သောင်တင်နေတာ၊ တိုက်ပွဲဖြစ်ရာဒေသတွေမှာ ပိတ်မိနေတာမျိုးတွေ ရှိနေပါတယ်။ အကူအညီပေးရေးအဖွဲ့အစည်းတွေကလည်း သူတို့ဟာ တောထဲမှာပိတ်မိနေတဲ့ အရပ်သားတွေကို အစားအသောက်နဲ့ အခြား လိုအပ်တဲ့အကူအညီတွေ ပေးချင်ပေမယ့် ပေးလို့မရအောင် ပိတ်ဆို့မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အကူအညီပေးရေး အေဂျင်စီတွေကို ပိတ်ပင်တားဆီးဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာ ဖြစ်ပါတယ်။
နိုင်ငံရေး လေ့လာဆန်းစစ်သူတစ်ဦးဖြစ်တဲ့ စာရေးဆရာမ စတယ်လာနော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ခိုင်မာတဲ့အထောက်အထားတွေ ရှိနေပေမယ့် ကချင်တွေပြည်နယ်က စစ်ပွဲကို နိုင်ငံတကာက သိပ်ပြီး အာရုံမစိုက်ကြဘူးလို့ ပြောပါတယ်။
“မြန်မာစစ်သားတွေက အရပ်သားတွေအပေါ် စနစ်တကျ ပစ်မှတ်ထားတဲ့ စစ်ပွဲပါ။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒါကို လစ်လျူရှုထားပါတယ်”
ထိုင်းနိုင်ငံက ကရင်အမျိုးသမီးအဖွဲ့ရဲ့ ပူးတွဲအတွင်းရေးမှူး San Htoi ရဲ့ပြောကြားမှုကလည်း စတယ်လာနော်နဲ့ ထပ်တူကျနေပါတယ်။
“ဒါဟာ လူမသိသူမသိ စစ်ပွဲပါ။ သူတို့တွေဟာ ကချင်ပြည်နယ်ကို ဂရုတောင်မစိုက်ဘဲ ပြန်သွားကြတယ်” လို့ မကြာသေးခင်က ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ခရီးစဉ်ကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။
သယံဇာတစစ်
San Htoi က လတ်တလော စစ်ပွဲအရှိန်မြှင့်လာတာက KIA ကို အပြုတ်ရှင်းဖို့ ဒါမှမဟုတ် ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ထိုးရေး ဖိအားပေးဖို့ စစ်တပ်ရဲ့ ဗျူဟာသစ်ဖြစ်တယ်လို့ ထောက်ပြပါတယ်။
ဒါပေမယ့် ကချင်ကို စစ်တပ်က ထိန်းချုပ်ချင်တဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခု ရှိပါသေးတယ်။ Supna Hkawn Bu နဲ့ သူမရဲ့မိသားစု ထွက်ပြေးလာရတဲ့ နေရာဟာ ရွာနဲ့ လယ်ကွင်းသက်သက်ပဲ မဟုတ်ပါဘူး။ အဲဒီနေရာဟာ ပယင်းကျောက်လှိုင်လှိုင်ပေါတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်က အခြားနေရာတွေမှာလည်း ကျောက်စိမ်းတွင်းတွေ အများအပြား ရှိနေပါတယ်။
San Htoi က ကချင်ပြည်နယ်ကစစ်ပွဲဟာ သယံဇာတ ကြွယ်ဝမှုအပေါ် ဖြစ်နေတဲ့ စစ်ပွဲလို့ ပြောပါတယ်။ အခွန်အခ တရားဝင်ပေးရတာမျိုးမရှိဘဲ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို တရားမ၀င် နယ်စပ်ဖြတ်ကျော် ထွက်နေတဲ့ ကျောက်စိမ်းတင်ပို့မှု ပမာဏဟာ ဒေါ်လာဘီလီယံချီ ရှိပါတယ်။
လတ်တလော တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့ဒေသဟာ ကချင်ပြည်နယ်က ပယင်းကြွယ်ဝတဲ့ တနိုင်းဒေသမှာ ဖြစ်ပါတယ်။ ကျောက်စိမ်းမြေ ဖားကန့်နားမှာ တည်ရှိတာပါ။ အဲဒီ မဟာဗျူဟာကျတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ရေး နှစ်ဖက်စလုံးက ကြိုးစားနေကြတာ ဖြစ်တယ်လို့ Global Witness အဖွဲ့က အကြီးတန်း လှုပ်ရှားရေးမှူး ဟန်နာ ဟင်စထရောင်းက ပြောပါတယ်။
တူးဖော်ရရှိတဲ့ ကျောက်စိမ်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ တရုတ်နယ်စပ်ကိုဖြတ်ကာ အပြင်ကိုထွက်နေပြီး အစိုးရက နည်းနည်းပါးပါးရကာ ကချင်လူ့အဖွဲ့အစည်းကတော့ ဘာမှမခံစားရပါဘူး။ ကျောက်စိမ်းရောင်းဝယ်မှုကို အဆက်အသွယ်ကောင်းကောင်းရှိနေတဲ့ ခရိုနီတွေ၊ စစ်ခေါင်းဆောင်တွေ၊ ဘိန်းဘုရင်တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်တွေက လက်ဝါးကြီးအုပ်ထားတယ်လို့ ဟန်နာက ပြောပါတယ်။
မော်တာကျည်တွေ နယ်စပ်ဖြတ်ကျော် ကျနေပေမယ့် မြန်မာအစိုးရရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံက ကချင်ပြည်နယ်ပဋိပက္ခအတွက် နှုတ်ဆိတ်နေပါတယ်။ တိုက်ခိုက်မှုတွေအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားတွေကို အရင်က နယ်စပ်ဖြတ်ကျော်ခွင့် တရုတ်ကပေးခဲ့ပေမယ့် ၂၀၁၇ ခုနှစ်ကနေစပြီး အဲဒီလူတွေကို ပြန်ပို့တာတွေ လုပ်လာပါတယ်။
သုဿာန်တစပြင်
ငြိမ်းချမ်းနေသေးတဲ့ မြစ်ကြီးနားမြို့ ဆင်ခြေဖုန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေထိုင်တဲ့ စခန်းတွေ ပြန့်ကြဲနေပါတယ်။ ဒီစခန်းတွေမှာ ၀ါး၊ ဓနိတို့နဲ့ အခိုင်အမာ ဆောက်ထားတဲ့ တဲတွေရှိသလို၊ တာပေါ်လင်စတွေနဲ့ ဖြစ်သလိုထိုးထားတာတွေလည်း ရှိပါတယ်။
စခန်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးသိန်းစိုးက သူ့လူမျိုးတွေရဲ့ အနာဂတ်အတွက် ရတက်မအေး ဖြစ်နေပါတယ်။
“တစ်ဖက်ဖက်က ထာဝရပျောက်ကွယ်သွားရင် စစ်ပွဲရပ်သွားမယ်လို့ ကျွန်တော်မြင်ပါတယ်”
နွမ်းနယ်နေတဲ့ မျက်ဝန်းနဲ့ ဦးသိန်းစိုးက သူရွာအနီး ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ထွက်ပြေးလာရပုံကို အခုလို ပြောပြပါတယ်။
“ပထမတော့ ကျွန်တော် ထွက်ပြေးဖို့အစီအစဉ် မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ရဲ့ မိတ်ဆွေတွေနဲ့ အိမ်နီးချင်းတွေက ထွက်သွားကြပြီး ၈၀ ရာခိုင်နှုန်းလောက်က တရုတ်ပြည်ဖက် သွားကြပါတယ်။ ကျန်တဲ့သူတွေကတော့ မြစ်ကြီးနားကိုရွှေ့ဖို့ ဆုံးဖြတ်ကြပါတယ်။ အခုအချိန်မှာ ကျွန်တော့်ရွာဟာ သုဿန်တစပြင်လို ဖြစ်နေပါပြီ”
အနာဂတ်အတွက် မျှော်လင့်ချက်နည်းနည်းသာ ရှိနေတဲ့အချိန် လူငယ်တွေကလည်း မူးယစ်ဆေးဘက်ကို လှည့်လာပါတယ်။ ကချင်ပြည်နယ်အတွင်း ဘိန်းဖြူကို ပေါပေါလောလောရနေပြီး တစ်ချောင်းကို ၆၀၀၀၊ ၇၀၀၀ လောက်ပဲ ရှိပါတယ်။
ဒေသတွင်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan ရဲ့ မြစ်ကြီးနားဆိုင်ရာ အတွင်းရေးမှူး Nhkum Tang Goon က သူတို့လူမျိုးတွေရဲ့ အခြေအနေဟာ “တတိတိ လူမျိုးသုဉ်းသတ်ဖြတ်ခံရမှု” ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
“အစိုးရက ရည်ရွယ်ချက်ရှိပုံရပါတယ်။ ကျွန်တော်တို့ကတော့ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းခံနေရတယ်လို့ ခံစားရပါတယ်”
သဘောကွဲသူတွေကို ဟန့်တားမှုတွေ ရှိနေပေမယ့် လတ်တလော မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် လူထုကြားမှာ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပေါ်လာပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ လူငယ်ခေါင်းဆောင်တွေဦးစီးပြီး ရန်ကုန်မှာ ဆန္ဒပြမှုတစ်ခု လုပ်ခဲ့ကာ လူ ၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
“ကျွန်မတို့ စစ်ပွဲကိုမလိုလားဘူးဆိုတာ အာဏာရှိတဲ့သူတွေကို အသိပေးဖို့အတွက် အသံကျယ်ကျယ်ထွက်ရပါမယ်။ စစ်ပွဲကိုရပ်တန့်ရမှာက သူတို့အလုပ်ပါ” လို့ လူငယ်ခေါင်းဆောင် သဉ္ဇာရွှန်းလဲ့ရည်က ပြောကြားခဲ့ပါတယ်။
ကချင်မှာ ဆန္ဒပြပွဲတွေကို စီစဉ်တဲ့ ခေါင်းဆောင်တွေလည်း အဖမ်းခံရတယ်လို့ Seng Htoi က ပြောကြားခဲ့ပြီး လူငယ်တွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာ၊ ဖိနှိပ်ချုပ်ခြယ်ခံနေရတာကို မြင်ရတာ ကြေကွဲဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
“ဒီနေ့လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေပါ။ ကချင်ပြည်သူတွေရဲ့ အနာဂတ်ကတော့ အမှောင်ထဲမှာ လမ်းပျောက်နေသလိုပါပဲ”