Wednesday, March 21, 2018

သက်ငယ်မုဒိန်းမှုကို အသုံးချပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဆီ ဦးလှည့်ဖို့ ကြံစည်နေပြီလော?

အခုတလော သက်ငယ်မုဒိန်း ဖြစ်ပွားမှုတွေ မြန်မာနိုင်ငံအနှံ့ များပြားလာသလို သက်ငယ်မုဒိန်း သေဒဏ်ပေးဖို့ လှုပ်ရှားဆောင်ရွက်မှုတွေလည်း မြို့နယ်အသီးသီးမှာ ပြုလုပ်ကျင်းပလာပါတယ်။ လူထုရဲ့အာရုံစိုက်မှုကလည်း တဖြေးတဖြေးမြင့်မားလာပါတယ်။ ဒီအချိန်မှာ လူထု ဒေါသထွက်ပေါက်ကွဲလွယ်မယ့် သက်ငယ်မုဒိန်းမှုကိုအသုံးချပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဆီ ဦးလှည့်ဖို့ ကြံစည်နေပြီလားဆိုတဲ့ သံသယဖြစ်စရာ အချက်တွေလည်း တွေ့လာရပါတယ်။
မန္ဆလေး အောင်မြေသာဇံမှာ မတ် ၁၈ ရက်နေ့ညက ဖြစ်သွားတဲ့ သက်ငယ်မုဒိန်းမှုတစ်ခုကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပါလျက် လူစုလုဝေးဖြစ်အောင် တမင်ဖန်တီးခဲ့ပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေ တကျော့ပြန်ထွက်လာအောင် ပြုလုပ်သွားခဲ့တဲ့အတွက် ရဲက သေနတ်ပစ်ဖောက်ပြီး လူစုခွဲရတဲ့အထိပါပဲ။

တချိန်ချိန်မှာ သက်ငယ်မုဒိန်းကို ဘာသာခြား မွတ်စလင်ကုလားက ကျူးလွန်ပါတယ်ဆိုတဲ့ တကယ် ဟုတ်ဟုတ် မဟုတ်ဟုတ် စွပ်စွဲလှုံ့ဆော်မှုနဲ့အတူ ဘာသာရေးပဋိပက္ခဆီ ဦးတည်မယ့်အရိပ်အယောင်ကို မြင်တွေ့နေရပါပြီ။
မန္တလေး အောင်မြေသာဇံမှာက အဲဒီနေ့မှာပဲ သက်ငယ်မုဒိန်း သေဒဏ်ပေးရေးလှုပ်ရှားမှု လက်မှတ်ကောက်ခံ ယူပွဲလည်း ကျင်းပခဲ့ပါသေးတယ်.. ဒီလိုလုပ်နေတဲ့ကြားထဲက သက်ငယ်မုဒိန်းဖြစ်ရကောင်းလားဆိုပြီး လူထုက ဒေါသထွက်ခဲ့တယ်လို့ မြင်စရာပါ… ဒါပေမယ့် ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင် လူထုပေါက်ကွဲမှုဆီကို ဦးလှည့်ပေးဖို့ သက်ငယ်မုဒိန်းမှုကို အသုံးချနေပြီဆိုတာတွေ့ရပါတယ်။
တွေ့ရှိချက် (၁)
ပထမဆုံး သတိပြုရမယ့်အချက်က လွှတ်တော်မှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့က ရခိုင် ANP ပါတီက ပြည်သူ့လွှတ်တော်အမတ်ဒေါ်ခင်စောဝေတင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ကို ပြစ်ဒဏ်ပြင်ဆင်ပေးပြီး သက်ငယ်မုဒိန်း သေဒဏ်ပေးဖို့ အဆိုပြုချက် မအောင်မြင်ဘဲ မှတ်တမ်းအဖြစ်သာတင်ခဲ့ပါတယ်။ အဲဒီနောက်မှာ အမျိုးသားရေးသမားတွေအတွက် NLD အမတ်တွေ အများဆုံးပါဝင်တဲ့ လွှတ်တော်ကို သက်ငယ်မုဒိန်းမှုကို အကြောင်းပြုပြီး တိုက်ခိုက်စရာရလာပါတယ်။
တွေ့ရှိချက် (၂)
နိုင်ငံအနှံ့ မြို့နယ်အသီးသီးက သက်ငယ်မုဒိန်း သေဒဏ်ပေးရေး (သို့မဟုတ်) ပြစ်ဒဏ်ပြင်ဆင်ရေး ကမ်းပိန်းဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူမှုကွန်ရက်စတဲ့ အရက်ဘက်အဖွဲ့အစည်းတွေကြားမှာ မဘသ ကျောထောက်နောက်ခံ အမျိုးသားရေးအုပ်စုတွေလည်း သီးခြားပါဝင်လှုပ်ရှားလာပါတယ် >>>
– ရန်ကုန်၊ ကမာရွတ်မြို့နယ် ကျွန်းတောလမ်းမှာ ဇန်န၀ါရီ ၂၉၊ ၂၀၁၈ ခုနှစ်က အမျိုးသားရေးလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲ၊ တပ်မတော်ထောက်ခံပွဲတွေမှာ ပွဲတိုင်းကျော်တွေဖြစ်တဲ့ ဆွေဇင်ဦး၊ မြတ်ဆုမွန်၊ လီလီနိုင်ကျော်နဲ့ သီရိနေလင်းတို့ ဦးဆောင်ပြီး သက်ငယ်မုဒိန်း သေဒဏ်ပေးရေး လက်မှတ် ၅၀၀ ကောက်ခံခဲ့ပါတယ်။
တွေ့ရှိချက် (၃)
သက်ငယ်မုဒိန်းမှုတွေကို အမျိုးသားရေးသမားတွေကသာ သောကထား အာရုံစိုက်ပြီး NLD အမတ်တွေနဲ့ ထောက်ခံသူတွေက ဂရုမစိုက်ဘူးလို့ ထင်မြင်လာအောင် အမျိုးသားရေးသမားတွေကပဲ လှုပ်ရှားတောင်းဆိုနေသယောင်ယောင် ပုံဖော်ဝါဒဖြန့်နေ >>>
– သက်ငယ်မုဒိန်း သေဒဏ်ပေးဖို့ NLD အမတ်တွေ လွှတ်တော်ထဲမှာ ထောက်ခံချင်လာအောင် တပ်မတော် ၂၅ သားကို ကန့်ကွက်ခိုင်းရမယ်ဆိုတဲ့ psy-war တွေဖြန့်ခဲ့တာကို တွေ့ရှိရပါတယ်။
တွေ့ရှိချက် (၄)
တစ်နှစ်ကြာ ဟောပြောခွင့်ပိတ်ပင်ခံရမှုကနေ ပြန်လည်လွတ်မြောက်လာတဲ့ မုဒိန်းစပယ်ရှယ်လစ် ဦးဝီရသူဟာ မွတ်စလင်တွေကို သက်ငယ်မုဒိန်းကျင့်သူ၊ ဘာသာမတူသူတွေကို မုဒိန်းကျင့်သူအဖြစ် ပြောဆိုစွပ်စွဲခဲ့တာကို ၂၀၁၈ခုနှစ် မတ်လ ၁၇ ရက်နေ့ထုတ် Unity ဂျာနယ်မှာ ဖော်ပြ >>>
– ဦးဝီရသူက “ မွတ်စလင်တွေဟာ ဘာသာမတူတဲ့အပေါ်မှာ မုဒိန်းကျင့်တာ…၊ အခြားဘာသာဝင်မိန်းခလေးတွေဆို မယ်သီလရှင်တောင် မရှောင် မုဒိမ်းကျင့်တာ၊ ကလေး သေးသေးလေးတောင် မုဒိန်းကျင့်တာတွေ တိုးပွားလာတယ်…..” လို့ Unity ဂျာနယ်ရဲ့ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။ မုဒိန်းမှုခင်းသတင်းတွေမှာ ကျူးလွန်သူအများစုက မွတ်စလင်တွေမဟုတ်ပေမယ့် လည်း မွတ်စလင်ဘက်ကို မြှားဦးလှည့် နှပ်ကြောင်းပေး ပြောဆိုသွားတာပါ။
တွေ့ရှိချက် (၅)
နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူး >>>
– မန္တလေးမှာ ၁၈ ရက်နေ့ညက လူအုပ်နဲ့ ရဲစခန်းကို ခဲပေါက်ပြီး ဆူပူမှုဖြစ်အောင်လုပ်ခဲ့တဲ့အထဲ အောင်မြေသာဇံက ဒေသခံတွေမဟုတ်ဘဲ မတ္တရာက ဆင်းလာတဲ့လူတွေလို့ သတင်းတွေကဆိုတယ်။ ဒီတော့ ပဋိပက္ခတွေဖြစ်လိုက်ရင် ဒေသခံမဟုတ်ဘဲ ပြင်ကလူတွေလာပြီး လုပ်လေ့ရှိတဲ့ အစဉ်အလာမျိုးကိုပဲ အဲဒီနေ့ဖြစ်စဉ်မှာ တွေ့ရတယ်။ နောက် victim ဖြစ်တဲ့ ကလေးဟာ ဆေးရုံမှာ သေဆုံးသွားပြီဆိုတဲ့ ကောလာဟလ သတင်းမျိုး လူမှုကွန်ရက်မှာ ထုတ်လွှင့်ခဲ့တာကလည်း ဇာတ်ရှိန်မြှင့်ပေးတဲ့ နည်းစနစ်ဟောင်းတစ်ခုပါပဲ။
– တိုက်ဆိုင်စွာပဲ မန္တလေးမှာ ၁၈ ရက်နေ့ဖြစ်တဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံခြားခရီးစဉ်အဖြစ် သြစတြေးလျကို ရောက်ရှိနေချိန်ပါ။ နိုင်ငံတော်အကြီးအကဲတွေ ပြည်ပခရီးထွက်တဲ့အချိန် ဆူပူမှုတွေ ဖန်တီးလေ့ရှိတဲ့ အစဉ်အလာကလည်းရှိနေတော့ ဒီမုဒိန်းမှုအကြောင်းပြု ဆူပူအုံကြွမှုဟာ နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ဘူးလို့ ငြင်းချက်ထုတ်ဖို့ ခက်ခဲနေပါတယ်။
သုံးသပ်ချက် >>>

မုဒိန်းကောင်ဆိုရင် လူတိုင်းက ပြစ်ဒဏ်ကြီးကြီးပေးချင်ကြတာပါ။ မနှစ်မြို့ အော့နှလုံးနာစရာကောင်းတဲ့ အောက်တန်းကျယုတ်မာသူ သက်ငယ်မုဒိန်းကောင်ကိုဆိုရင်တော့ ပိုလို့တောင် သေဒဏ်ပေးချင်ကြတယ်၊
မှတ်လောက်သားလောက်အောင် ပြစ်ဒဏ်ခတ်ချင်နေကြတာပါ။ ဖြစ်တယ်လို့ ကြားတာနဲ့ ထလွယ်ရှလွယ် ဒေါသဖြစ်လွယ်တဲ့ ကိစ္စမျိုးပါ။ ဒါကို နိုင်ငံရေး တောင်ကြောင်တွေ အသုံးချသွားနိုင်ပါတယ်။ အသုံးချခဲ့တဲ့ သာဓကအနေနဲ့လည်း ရခိုင်သီတာထွေးနဲ့ မန္တလေး ဖြူဖြူမင်း(ခ)ဂတုံးမ အမှုတွေက သက်သေခံနေပါတယ်။