Monday, February 6, 2017

နိင်ငံတော်သမ္မတကြီး နဲ့  ဒေါ်အောင်ဆန်းစုကြည် တို့ အနေနဲ့  ဦးကိုနီရဲ့ဈာပန ကို မလာနိုင်တာကိုလက်ခံ နိုင်ပေမယ့် ဝမ်းနည်းကြောင်းမကြေညာခြင်းနဲ့ လွမ်းသူပန်းခွေလေးတောင် မပို့ နိုင်ခြင်းတို့ အပေါ်မှာ ဘယ်လိုဆင်ခြေ အကြောင်းပြချက်ကိုမှလက်ခံနိုင်စရာ အကြောင်းမရှိပါ။

ဦးကိုနီအသတ်ခံရတာနဲ့ပါတ်သက်လို့ လူအတော်များများက ကောက်ချက်တွေဆွဲကြ ထင်ကြေးတွေပေးကြ ဝေဖန်ကြမို့ ကျမလဲတော်တော်လေးစိတ်ဝင်တစားဖြစ်ခဲ့ပြီး ဖတ်နေရတာတွေများလွန်းလို့ ကိုယ်တိုင်တောင်ကွန်မန့်ဝင်မပေးဖြစ်ခဲ့ပါဘူး.. သိပ်မသိတာလဲပါပါတယ်..
ဒါပေမဲ့ အခုနောက်ပိုင်းဝေဖန်လာကြတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးကိုနီအသုဘကိုမတက်ရောက်ခဲ့တဲ့ကိစ္စ ပန်းခွေမပို့ မိသားစုဆီနှစ်သိမ့်စကားမပြောတဲ့ကိစ္စတွေပါ ပါလာပါပြီ .. လူထုချဉ်ဖတ် တောင်သာ လက်မဲကြီးအောင်သောင်းသေတုန်းကတောင် ပန်းခြင်းတင်မက လူကိုယ်တိုင်အပြေးလေးသွားပြီး သားဖြစ်သူရေချုပ်လောင်းမိုးအောင်ကိုဖက်လှဲတကင်းလုပ်ခဲ့တယ်လို့ ဓါတ်ပုံတွေပါပြန်တင်ပြီးဝေဖန်လာကြပါတယ် ..
ကျမလဲစဉ်းစားကြည့်ပါတယ် .. ဒေါ်စုဘာကြောင့် ဒီလောက်နှုတ်ဆိပ် (ရှောင်) နေရတာလဲ .. အမှန်ဆို NLD ရဲ့အထင်ရှားဆုံး ဥပဒေအကြံပေးရှေ့နေကြီးဦးကိုနီအတွက် NLD ကဝမ်းနည်းကြောင်းကြေငြာချက်ထုတ်ရုံတင်မက ဒေါ်စုအနေနဲ့ပါ (သေနတ်ပစ်လုပ်ကြံခံရတဲ့ ကျန်ရစ်သူချင်းအတူတူဆိုတဲ့) မိသားစုအပေါ်စာနာတဲ့သဘော အကြမ်းဖက်မှုဆန့်ကျင်တဲ့သဘောတွေကိုပြပြီး လူသိထင်ရှား ပြောဆိုမှုတွေ အားပေးနှစ်သိမ့်မှုတွေလုပ်သင့်တယ်လို့ ကျမယူဆပါတယ် ..
တဖက်မှာလဲ ကျမ လက်လှမ်းမှီသလောက် နှိုက်နှိုက်ချွတ်ချွတ်လေ့လာပြီး စဉ်းစားကြည့်ပါတယ် .. ဒေါ်စုနဲ့ ဦးကိုနီဆက်ဆံရေးအခြေအနေဘယ်လိုရှိခဲ့သလဲပေါ့ ..
ကျမမှားယင်ထောက်ပြကြပါ..

ဦးကိုနီနဲ့ ဒေါ်စုကွဲလွဲမှုက ၂၀၀၈ ခြေဥကိစ္စမှာစပါတယ် .. ဦးဝင်းတင်နဲ့ ဦးကိုနီက ၂၀၀၈ ဖျက်သိမ်းရေးကို ဆော်သြပြီး ကျန်သူတွေကဒေါ်စုဘက်ကိုလိုက်ပြီး ၂၀၀၈ ကိုဝင်ပြင်မယ်လို့ရပ်တည်ခဲ့ကြလို့ လူညီ ဤကျွဲဖြစ် .. NLD လဲကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်လာတာပါ ..
ဒေါ်စုက သူနဲ့သဘောထားကွဲရင် သိပ်မကြိုက်ပါဘူး .. ဦးဝင်းတင်ဆို သေတဲ့အထိခေါက်ထားချင်းခံလိုက်ရပါတယ် .. ဒီလှိုင်းမှာဘဲ ရေးချင်တာရေးတော့ပေါ့ .. (အယင်လဲ သူ့ကိုမိဘလိုစောင့်ရှောက်ခဲ့တဲ့ ဦးကြည်မောင်တို့လင်မယားနဲ့ ပြသနာဖြစ်ကွဲပြဲခဲ့ဘူးသလို ဦးခင်မောင်ဆွေ ဒေါက်တာသန်းညိမ်း ဦးသိန်းညွန့်တို့ဆို ပါတီထဲပြန်အဝင်မခံပါဘူး ပညာရေးက ဒေါက်တာသိန်းလွင်ဆိုလဲအထုတ်ခံလိုက်ရပါတယ်).. ဦးကိုနီကျတော့ဘာလို့အဲဒီကထဲကဘေးရောက်မသွားတာလဲမေးစရာရှိပါတယ် .. ဦးကိုနီဟာ ၂၀၀၈ ခြေဥကိုသေသေချာချာလေ့လာထားတဲ့ အကွက်ကျကျထောက်ပြနိုင်တဲ့ရှားရှားပါးပါးရှေ့နေတယောက်ဖြစ်နေလို့ပါဘဲ .. ဒါ့အပြင် ဦးကိုနီက ဦးဝင်းတင်လောက်ခေါင်းမမာပါဘူး .. ခြေဥဖျက်သိမ်းရေးစကားတွေကိုခဏခေါက်ထားပြီး ခြေဥပြင်ရေးကိစ္စတွေအတွက် (အားနည်းချက်လစ်ဟာချက်တွေကိုထောက်ပြပြီး)ဥပဒေအကြံပေးအနေနဲ့ဆက်ပြီးရပ်တည်နေနိုင်ခဲ့ပါတယ်..
ဒါပေမဲ့နောက်တခေါက် .. ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာတော့ ဦးကိုနီကိုဒေါ်စုအကြီးအကျယ်မျက်စိစပါးမွှေးစူးစရာဖြစ်ခဲ့ပါတယ် ..
ဒေါ်စုက ဘာသာရေးကိစ္စတွေသိပ်ပြောမနေဘဲ NLD ကိုယ်စားလှယ်လောင်းစာရင်းမှာ မူဆလင်တယောက်မှမပါစေဘဲရွေးတင်လိုက်တယ် .. ဗမာပြည်ကမူဆလင်အသိုင်းအဝိုင်းအတွင်းသိပ်မကျေနပ်ကြပေမဲ့ ဒေါ်စုအရှိန်ကသိပ်ကြီးလွန်းတဲ့အပြင် တဖက်မှာလဲ မဘသတွေရှိနေတော့ အသံသိပ်မထွက်ရဲကြဘူး .. အဲဒီအချိန် ရွေးကောက်ပွဲအကြို တလခွဲလောက်အလိုမှာ ဦးကိုနီက ရန်ကုန် Parkroyal ဟိုတယ်ဟောပြောပွဲတခုမှာ " မြန်မာနိုင်ငံမှာမူဆလင် ၁၀%လောက်ရှိတာမို့ တကယ်တမ်းအချိုးအစားအရဆို လွှတ်တော်ထဲမှာ အမတ် ၆၆ နေရာလောက်တောင်ရသင့်တယ် အစိုးရအဖွဲ့အတွက်အရေးကြီးတယ် မူဆလင်တွေလွှတ်တော်ထဲရောက်နိုင်သလောက်ရောက်အောင် စည်းစည်းလုံးလုပ်ကြရလိမ့်မယ်" လို့ဟောပြောခဲ့ပါတယ် ..သူပြောတာမှန်ပါတယ် ယထာဘုတကျပါတယ် .. ဒါပေမဲ့ မူဆလင်ထုကို စုရုံးပြီးမဲပေးဘို့ သူဆော်သြသူတွေဟာ NLD ကိုယ်စားလှယ်တွေမဟုတ်ပါဘူး .. တသီးပုဂ္ဂလတွေ တခြားမူဆလင်ပါတီဝင်တွေဖြစ်နေပါတယ် (စုစုပေါင်း နေရာ ၂၀ လောက်ရှိမယ်ထင်တယ်) .. တဖက်မှာကျတော့ ဒေါ်စုကသူ့စိတ်ကြိုက်ကိုယ်စားလှယ်တွေရွေးပြီး (မူဆလင်တော့မပါ) ဘာဘဲဖြစ်ဖြစ် (မျက်စိမှိတ်ပြီး) NLDပါတီကိုဘဲမဲပေးပါလို့တွန်းအော်နေတဲ့အချိန်ဖြစ်ပါတယ် ..
NLD ရဲ့အဖွဲ့ဝင် ဥပဒေအကြံပေးကြီးကိုယ်တိုင်က တခြားပါတီကမူဆလင်တွေကိုမဲပေးရေးစည်းရုံးနေတော့ ဒေါ်စုဘယ်လိုနေမလဲစဉ်းစားကြည့်ပါ .. ထင်ရှားတဲ့မူဆလင်တဦးလဲဖြစ်နေပြန်.. မူဆလင်တွေကို ကိုယ်စားလှယ်မရွေးတဲ့ကိစ္စကလဲ ပါတီထဲမှာကိုဖွင့်မပြောဘဲစနိုးစနှောင့်ဖြစ်နေကြတော့ ဒေါ်စုအနေနဲ့ အဲဒီအချိန်မှာလဲ ဦးကိုနီကို ဖယ်ထုတ်ရအခက်ဖြစ်ခဲ့ရပုံရှိပါတယ်..
ဦးကိုနီဟာဥပဒေထဲကဟာကွက်တွေကိုမြင်တတ်တဲ့ရှေ့နေလူတော်တဦးပါ .. ၂၀၀၈ ခြေဥကိစ္စနဲ့ NLD အစိုးရဖွဲ့ရေးမှာ အကြံဉာဏ်ကောင်းတွေပေးနိုင်ခဲ့မှာတော့အမှန်ပါဘဲ .. ဒါပေမဲ့နောက်ပိုင်းမှာ လူတွေကသူ့ကို ဒေါ်စု နိုင်ငံတော်အတိုင်ပင်ခံရာထူးရအောင်တီထွင်စွမ်းဆောင်ပေးလိုက်တဲ့ ဥပဒေဘိုးတော်ကြီးအဖြစ် အချီးမြှောက်လွန်ပြောလာနေကြတာကိုတော့ ဒေါ်စုတော်တော်ကသိကအောက်ဖြစ်မဲ့ပုံရှိပါတယ်..ထုတ်ဖေါ်ပြီးငြင်းရမဲ့ကိစ္စလဲမဟုတ်ပါဘူး ..
ဒီနောက်ပိုင်းမှာ ဒေါ်စုကိုယ်တိုင်အနေနဲ့ ဦးကိုနီကို ဘယ်လောက်လူချင်းတွေ့ဆုံပြီးအကြံဉာဏ်ရယူမှုတွေရှိတယ် မရှိဘူးဆိုတာတော့ နေပြည်တော်နဲ့ သမတရုံးကလူတွေဘဲအတိအကျသိပါလိမ့်မယ် .. ကျမကတော့တွေ့ဆုံမှုသိပ်ရှိခဲ့တယ်မထင်ပါဘူး ..
ဒီကြားထဲ အခုနောက်ပိုင်းမှာ ဦးကိုနီက ၂၀၀၈ခြေဥအဆုံးသတ်ရေးအတွက် လွှတ်တော်မှာ ခြေဥအသစ်ရေးရမယ်လို့ပြောလာပြန်ပါတယ် ၂၀၀၈ခြေဥကိုဝေဖန်တဲ့စာအုပ်လဲထုတ်ပါတယ်.. အဲဒီတော့ ၂၀၀၈ ခြေဥကိုမထိနဲ့လို့တကြိမ်းထဲကြိမ်းနေတဲ့စစ်တပ်ကို အနိုင်နိုင်သိမ်းသွင်းနေရတဲ့ ဒေါ်စုခမျာ တော်တော်ကသိကအောက်ဖြစ်မဲ့ပုံပါ .. စစ်တပ်နဲ့ လူထုရဲ့အမြင်မှာ ဦးကိုနီိဟာ ဒေါ်စုရဲ့အနီးကပ်ဥပဒေအကြံပေးပါ .. နောက်ပိုင်းတကယ်တမ်းအနီးကပ်ဟုတ်မဟုတ်ကတော့ ကျမပြောခဲ့သလို စဉ်းစားစရာတွေရှိနေပါတယ် ..
အခုပြောနေတာတွေဟာ ကွယ်လွန်သူ ဦးကိုနီိအပေါ်အပြစ်အနာအဆာဖေါ်လိုတဲ့သဘောမဟုတ်ပါဘူး .. သူဟာ သူယုံကြည်ရာကိုလုပ်တဲ့သူအဖြစ် ထက်မြက်တဲ့ရှေ့နေတဦးအဖြစ် အပြောအဟောကောင်းသူတဦးအဖြစ် ကျမလေးစားပါတယ် .. ဒေါ်စုနဲ့ ဦးကိုနီရဲ့ကြားကဆက်ဆံရေးအကြောင်းကိုဘဲဆန်းစစ်မိတာပါ..
ဦးကိုနီိလုပ်ကြံခံရတဲ့ကိစ္စမှာ ဒေါ်စုနှုတ်ဆိတ်နေမှု.. မိသားစုကိုတောင်အားပေးပြောဆိုတာမရှိခဲ့မှု.. စတာတွေကိုတွေးရင်း ကျမတော်တော်လေးအတွေးနယ်ကျယ်သွားမိပါတယ်.. ကျမဖြစ်စေချင်တာကတော့ ဒေါ်စုကို ကိုယ်တိုင်ထွက်လာပြီး ဒီလုပ်ကြံသတ်ဖြတ်မှုကိုရှုံ့ချဘို့ .. မိသားစုဝင်တွေကိုအားပေးဘို့ .. အဲဒါပါဘဲ ..
နိုင်င်ငံတကာခေါင်းဆောင်တွေလဲအလားတူလုပ်ကြတာပဲ
မဟုတ်လား။
(မင်းမင်းအောင်ထံမှဖော်ပြသည်။)