Tuesday, December 13, 2016

မောင်တောဒေသ မီးရှို့မှုတွေ မြန်မာ့တပ်တော်မှာတာဝန်ရှိကြောင်း HRW ထုတ်ပြန်

ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းချက်တွေနဲ့ ဆက်သွယ်ရေးဂြိုဟ်တုက ရရှိတဲ့ ဓာတ်ပုံတွေအရ… မောင်တောဒေသက ရိုဟင်ဂျာမွတ်ဆလင် ကျေးရွာနေအိမ်တွေ မီးရှို့မှုတွေနဲ့ပတ်သက်လို့ မြန်မာ့တပ်တော်မှာ တာဝန်ရှိကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဒီဇင်ဘာလ (၁၃) ရက်နေ့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အခုတွေ့ရှိချက်အသစ်တွေအရ ရိုဟင်ဂျာ မွတ်ဆလင်တွေ ဟာ ကိုယ်ပိုင်အိမ်တွေကို မီးရှို့ထွက်ပြေးကြတယ်ဆိုတဲ့ မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရပြောကြားချက် တွေကို ငြင်းဆိုလိုက်တာဖြစ်ပြီး၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ မီးရှို့ ဖျက်ဆီးတာတွေဟာ မြန်မာအစိုးရတပ်ရဲ့ လက်ချက် ဖြစ်တယ်ဆိုတာကို ညွှန်ပြနေကြောင်း HRW ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Brad Adams ပြောပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေအရ မီးလောင်ပျက်စီးခဲ့တဲ့ အိမ် ၁၅ဝဝ လောက်ရှိပြီး၊ လုံခြုံရေးတပ်တွေ နယ်မြေဝင်ရောက်ရှင်းလင်းချိန်နဲ့ တချိန်တည်းကျနေကြောင်း၊ HRW မှတ်တမ်းတွေအရ အစိုးရလုံခြုံရေးတပ်တွေ တိုက်ခိုက် ခံရပြီးတိုင်း အနီးအနားကျေးရွာတွေမှာ မီးရှို့မှုတွေ များလာကြောင်း၊ ဥပမာအားဖြင့် နယ်ခြားစောင့်စခန်း-၁ အနီးက ဝါးပိတ်ရွာမှာ တလအတွင်း တရွာလုံးနီးပါး မီးရှို့ခံရတာဟာ စစ်သွေးကြွတွေရဲ့လက်ချက် မဖြစ်နိုင်ကြောင်း HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Ref: RFA News