Tuesday, April 26, 2016

လတ်တလော ဘာသာရေးပြသနာများနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းနှင့် RFA ဆက်သွယ်မေးမြန်းချက်



မေး - အင်္ဂလိကန် ခရစ်ယာန်ဘုရားကျောင်းဝင်း အတွင်းမှာ စေတီတည်တဲ့ ကိစ္စကို ဒေသခံတွေကလည်း ကန့်ကွက်မှုရှိနေတော့ ၀န်ကြီးတို့ အစိုးရအဖွဲ့အနေနဲ့ ဘာတွေများ စီစဉ်ဆောင်ရွက်သွားဖို့တွေများ ရှိနေပါသလဲရှင်။

ဖြေ - ကွမ်းတောကျေးရွာမှာကို အင်္ဂလိကန် ဘုရားရှိခိုးကျောင်းမှာ စေတီတော်တည်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့က ပြည်နယ်သံဃာ့ နာယကအဖွဲ့၊ မြို့နယ်သံဃာ့နာယကအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့၊ အဲ့ဒီကနေပြီးတော့ ဆရာတော်ဆီကို မေတ္တာရပ်ခံစာ ပေးပို့ပါတယ်။ သင်္ကြန်မတိုင်ခင်အချိန်ကပေါ့။ သူနဲ့အလွန်ရင်းနှီးတဲ့ဒကာနဲ့ စာတစ်စောင် ပေးခိုင်းပါတယ်။ စာရောက်တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ဆရာတော်ဘုရားဆီက ဘာအကြောင်းပြန်ချက်မှ မရပါဘူး။ မရဘဲနဲ့ အခုလို ၂၃ ရက်နေ့မှာ ဘုရားထီးတင်လိုက်တယ်ဆိုတဲ့ အခြေအနေအထိကို ရောက်သွားပါတယ်။ ရောက်သွားတော့ ကျွန်တော်တို့က တျွန်တော်တို့အစိုးရအဖွဲ့ရဲ့ သဘောထားကို သွားပြောပြတယ်။ ကျွန်တော်တို့ကတော့ ပွတ်တိုက်မှု မဖြစ်စေချင်ဘူး၊ ခရစ်ယာန်ကရင်နဲ့ ဗုဒ္ဓဘာသာကရင်နဲ့ကြားထဲမှာ ပဋိပက္ခတစ်စုံတစ်ရာဖြစ်တဲ့အဆင့်ကို ရောက်သွားရင် လမ်းလွဲကုန်မယ်။ အဲ့ဒါမျိုး မဖြစ်အောင် ထိန်းသိမ်းလုပ်ဖို့ ကျွန်တော်တို့ပြောတဲ့နေရာမှာ ဆရာတော်က မရှိဘူး။ ကျွန်တော်တ့က အကျူးကျော်ခံနေရတဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ သူတို့ရဲ့ဆရာကိုပဲ ကျွန်တော်တို့ပြောရတဲံသဘောမျိုး ဖြစ်နေတယ်။ အစိုးရအဖွဲ့သဘောထားကတော့ ဘယ်ကြိုက်မလဲလေ။ ဒီလိုလုပ်ငန်းမျိုးက ကျွန်တော်တို့ပြည်နယ်အတွင်းထဲမှာ ဘာသာရေးအရ ပဋိပက္ခဖြစ်မယ့်အလုပ်တွေကို ကျွန်တော်တို့ သဘောတူမှာမဟုတ်ပါဘူး။ ကြိုတင်ကာကွယ်တဲ့ကြားက မဖြစ်ဖြစ်အောင်ဖြစ်သွားတာပါ။ ကျွန်တော်တို့ပြည်ထောင်စုအစိုးရဆီကိုတော့ အစီရင်ခံစာတင်ထားပြီးတော့ ပြည်ထောင်စု အစိုးရရဲ့လမ်းညွှန်မှု ကို စောင့်နေပါတယ်။
.


မေး - ဒီ မြိုင်ကြီးငူဆရာတော်အနေနဲ့ပေါ့နော်။ ဒီလှိုင်းဘွဲ့မြို့နယ် အမှတ် ၅ ရပ်ကွက်က မွတ်စ်လင်မ်တွေနေတဲ့ လမ်းအလယ်မှာလည်း စေတီတည်ဖို့ စီစဉ်နေတယ်ဆိုပြီးတော့လည်း ကျွန်မတို့ ကြားရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရော ၀န်ကြီးတို့အစိုးရဖက်က ဆောက်လုပ်ခွင့်ပေးသွားဖို့များ ရှိသလားရှင့်။
.
ဖြေ - အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝင်းထဲမှာ ဘုရားဆောက်တည်ခွင့် ကျွန်တော်တို့ မပေးပါဘူး။ မပေးတဲ့အပြင် အဲ့ဒီဗလီဘေးမှာ ဆိုက်ကားတစ်စင်းလောက်သွားနိုင်တဲ့လမ်းကြားလေးတစ်ခုရှိတယ်။ အဲ့ဒီလမ်းကြားထဲမှာ ဘုရားဆင်းတုမြှုပ်ထားတယ်ဆိုတဲ့ သဘောမျိုး။ အဲ့ဒါ ဗလီအဖွဲ့တွေကရော ရွှေဂွန်းက ဗုဒ္ဓဘာသာတွေကရော တိုင်ပါတယ်။ ခုလောလောဆယ် အဲ့ဒီနေရာကို ရွေဂွန်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက အဲ့ဒီအပေါ်ကို တိုင်ကီပြတ်နှစ်လုံး၊ အဲ့ဘေးနားက သစ်သားတိုင်တွေနဲ့ သေချာ အကာအရံလုပ်ထားတယ်။ ဆိုလိုတဲ့သဘောက အဲ့ဒီမှာရှိတဲ့ဆင်းတုတော်ကို တစ်ယောက်ယောက်က ဖော်သွားလိုက်ရင် - ဒီကုလားတွေ ဖော်တယ်ဆိုပြီးတော့မှ ပြဿနာရှာကြပြန်ရင် ဒီအခါ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ရောပေါ့။
.
မေး - ၀န်ကြီးတို့လည်းပေါ့နော်။ ဒီလှိုင်းဘွဲ့မြို့နယ်အတွင်းမှာ ဒီခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ စေတီတည်တဲ့ကိစ္စ၊ မွတ်စ်လင်မ်တွေနေတဲ့လမ်းထဲမှာ စေတီတည်ဖို့ စီစဉ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မလုပ်ဖို့လည်း မြိုင်ကြီးငူဆရာတော်ကို လျှောက်ထားတာရှိတယ်။ ဒါပေမယ့် ဒီကွမ်းတောကျေးရွာက ဒီခရစ်ယာန်ကျောင်းဝင်းအတွင်းမှာဆိုရင် ထီးတင်ပွဲတောင် ပြီးသွားပြီဆိုတော့ ဒီအခြေအနေတွေကို ဘယ်လိုကိုင်တွယ်သွားဖို့တွေများ ရှိမလဲရှင်။
.
ဖြေ - ကျွန်တော်တို့ ဒီမနက်မှာ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အစည်းအဝေးလုပ်ပါတယ်။ ကျွန်တော်တို့ ထုတ်ဖော်ပြောခွင့် မရှိသေးလို့ပါ။ ကျွန်တော်တို့ကတော့ ဒါနဲ့ပတ်သက်ပြီးတော့ တော်တော်လေး အပူတပြင်း ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ကရင်ပြည်နယ်မြို့တော့ အများအားဖြင့် ခွင့်လွှတ်စာနာသနားတတ်တဲ့ စိတ်ထားမျိုးတွေ ရှိကြတယ်။ ပဋိပက္ခအသွင်ဆောင်တဲ့အဆင့်အထိတော့ ရောက်ဖို့ နည်းနည်း နည်းမယ်ထင်တယ်။ အဲ့ဒါ သူတို့စိတ်ဓာတ်အခံက ကောင်းလို့ပါ။ ကျွန်တော်တို့လည်း ၀ိုင်းဝန်းကြမှာပါ။
.
မေး - လက်ရှိအစိုးရမတိုင်ခင်ကပေါ့၊ ပြီးခဲ့တဲ့အစိုးရသက်တမ်းအတွင်းကလည်း ဒီဘားအံမြို့နယ်က ခရစ်ယာန်ကျောင်းဝင်း အတွင်းမှာ ဒီလိုစေတီတည်တဲ့ကိစ္စမျိုးတွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။
.
ဖြေ - ကြားကြမှာပါ။ ဟုတ်ပါတယ်။
.
မေး - အဲ့ဒီအခြေအနေကရော ခုလက်ရှိအနေအထားမှာ ဘယ်လိုများရှိသလဲ။
.
ဖြေ - ဒီကိစ္စကတော့ အဲ့ဒီမြေတွေကို မြိုင်ကြီးငူဆရာတော်က စေတီတည်သွားပြီးတော့ အဲ့ဒီတစ်ခြမ်းခြမ်းလိုက်ပြီးတော့ စေတီကိုလှူလိုက်တယ်။ နေရာကိုဖယ်ထုတ်လိုက်တယ်။ အဲ့လိုမှမလုပ်ရင်လည်း ဘယ်လိုမှ ပြတ်နိုင်တဲ့အခြေအနေမရှိလို့ပါ။ အဲ့ဒါ ကျွန်တော်တို့လုပ်ခိုင်းတာမဟုတ်ဘူး။ သူတို့ဖာသာသူတို့ လုပ်ကြတာပါ။ အခု ဘာသာပေါင်းစုံအဖွဲ့ကလည်း ဘယ်လိုလုပ်ရမလဲလို့ အကြိတ်အနယ်ကြိုးစားနေကြတယ်။ သူတို့အားလုံးက ပဋိပက္ခကို မဖြစ်စေချင်ပါဘူး။
.
မေး - အစိုးရအဖွဲ့ကရော ဒါတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ အရေးယူဆောင်ရွက်မှုတွေများ ရှိလာနိုင်မလားရှင့်။
.
ဖြေ - ကျွန်တော်တို့ အဲ့ဒီလို အရေးယူလို့ရတဲ့အနေအထားမျိုးက ကျွန်တော်တို့မှာ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ ရှိပေမယ့် ကျွန်တော်တို့လုပ်လိုက်တဲ့ပြဿနာကို ကျွန်တော်တို့ကြောင့် ပွတ်တိုက်မှု ပိုပြီးတော့ကြီးလာတာမျိုး မဖြစ်အောင်လို့တော့ ကျွန်တော်တို့ သတိကြီးကြီးထားပြီးတော့ ကိုင်ဆောင်နေပါတယ်။
.
မေး - ၀န်ကြီး အခုလို အချိန်ပေးပြီး ဖြေပေးတဲ့အတွက် RFA က ကျေးဇူးတင်ပါတယ်ရှင်။
.
ဖြေ - ဟုတ်ကဲ့ပါ။

Ref: M-Media Group
Main Source: RFA (Radio Free Asia) News