Ref: RFA
News Highlights
Tuesday, February 9, 2016
ဘာသာပေါင်းစုံပရဟိတအဖွဲ့ဝင် ၃ ဦးကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ အမိန့်ချမည်
မန္တလေး- အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဘာသာပေါင်းစုံ ပရဟိတအဖွဲ့ဝင် ၃ ဦးကို တရားမဝင် နယ်ခြားဖြတ်ကျော်မှုနဲ့ ချမ်းအေးသာဇံ မြို့နယ်တရားရုံးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အမိန့်ချမယ်လို့ သိရပါတယ်။ "သင့်မြတ်လိုသူများ" ဘာသာပေါင်းစုံ ပရဟိတအဖွဲ့ဝင် ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့ကို ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ဇွန်လက ကချင်ပြည်နယ် လိုင်ဇာမြို့က KIA ဌာနချုပ်ကို သွားရောက်ခဲ့တယ်ဆိုပြီး မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇-၁ နဲ့ ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်နဲ့ ကိုဇော်ဝင်းဗိုလ်တို့ သုံးဦးကို ပြီးခဲ့တဲ့နှစ် ဧပြီလက ချင်းပြည်နယ်ကနေ တဘက်နိုင်ငံ မီဇိုရမ်ပြည်နယ်ကို တရားမဝင် သွားရောက်ခဲ့တယ်ဆိုပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃-၁ နဲ့ ထပ်ပြီး တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဘက်အထိ သွားခဲ့တာမဟုတ်ဘဲ၊ နယ်စပ်မှာပဲ ဓာတ်ပုံရိုက်ခဲ့ပြီး အဲဒီဓာတ်ပုံကို ဖေ့ဘွတ်စ်မှာ တင်ခဲ့တာကြောင့် တရားစွဲခံရတာလို့ ကိုဇော်ဇော်လတ်က ပြောပါတယ်။ သင့်မြတ်လိုသူများ ပရဟိတအဖွဲ့ကို မိတ္ထီလာ ဘာသာရေးပဋိပက္ခအပြီး- ၂ဝ၁၃ ခုနှစ် မတ်လမှာ ဘာသာပေါင်းစုံက ရဟန်းသံဃာတွေ၊ လူငယ်တွေနဲ့ စုပေါင်းဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။