ပန်းနာရင်ကြပ် ရောဂါကြောင့် တရားခွင်အတွင်းတွင်ပါ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီး ဆေးကုသမှု ခံယူနေရသော်လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်တရားစွဲခံရသူ ဦးခွန်ဂျာလီကို လှိုင်မြို့နယ် တရားရုံးက အာမခံ မပေးခဲ့ကြောင်းသိရသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံကို ခြေထောက်ဖြင့် နင်းနေသည့် ဓာတ်ပုံအား ဖေ့ဘွတ်ခ်တွင် တင်သည့်အတွက်ဟု ဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးမင်းထွဋ်က တရားလိုပြုလုပ်ပြီး ကချင်အမျိုးသား ဦးခွန်ဂျာလီအား တရားစွဲဆိုထားသော အမှုကို နိုဝင်ဘာ ၂၃ရက်က ၅ ကြိမ်မြောက်ရုံးချိန်း ခေါ်ယူပြီး တရားလိုဖြစ်သော ဒုတိယဗိုလ်မှူးကြီး လင်းထွဋ်ကို စစ်ဆေးခဲ့သည်။
အဆိုပါရုံးချိန်း၌ တရားခွင်အတွင်း တရားစစ်ဆေးနေချိန်မှာပင် ဦးခွန်ဂျာလီမှာ ပန်းနာရင်ကြပ် ရောဂါကြောင့် အသက်ရှုကြပ်သည့် ဝေဒနာခံစားနေရပြီး မောပန်းနေသည်ကိုတွေ့ရသည်။ သို့သော်လည်း လှိုင်မြို့နယ်တရားသူကြီးက အာမခံလျှောက်ထားမှုကို ပယ်ချခဲ့သည်။
"ကျွန်တော်တို့ကတော့ အာမခံမရမချင်း ဆက်လျှောက်မယ်။ ကျွန်တော်တို့ယုံကြည်တာကတော့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၇(၁) မှာ ဖျားနာ ချိနဲ့နေသူတွေကို အာမခံပေးဖို့ ဆိုပြီး ပြဌာန်းထားတယ်။ဒါကလည်း တရားရုံးရဲ့ဆင်ခြင်တုံတရားပေါ်မှာ မူတည်ပြီး ပေးရတာကိုး။ အဲဒါနဲ့ပတ်သက်ပြီး တရားရုံးကို ဆက်လက်လျှောက်ထားမယ်။ လက်ရှိကတော့ တွေ့တဲ့အတိုင်းပဲ။ အသက်ရှုကြပ်နေတယ်။ သူ့ရဲ့အသက်ရှု ကိရိယာလေးနဲ့ အသက်ရှုနေတယ်။ ဒါပေမယ့် ဆရာဝန်ညွှန်ကြားချက်အရ အဲဒါကလည်း နှစ်ခါထက်အပြင် ပိုရှုလို့မရဘူး။ပန်းနာရင်ကြပ်ရောဂါဆိုတာ လည်ချောင်းပြွန်ကျဉ်းသွားတဲ့ သဘောပေါ့။ အဲဒါလေးကို ပြန်ချဲ့ဖို့ဆေးနဲ့ဖြန်းတယ်။ဆေးနဲ့ဖြန်းတော့ မသက်သာဘူး။ ချွဲတွေအများကြီးထွက်လာတယ်" ဟုဦးခွန်ဂျာလီ၏ရှေ့နေ ဦးအယ်ခွန်ရင်းက ပြောကြားသည်။
ဦးခွန်ဂျာလီမှာ ၁၀နှစ်သားကတည်းက ပန်းနာရင်ကြပ်ရောဂါရှိ နေခြင်းဖြစ်ပြီး ထောင်တွင်းမှာ နေထိုင်ရခြင်းအတွက် အနံ့အသက် မကောင်းသောကြောင့် ယင်းအချက်ကိုလည်း စိုးရိမ်ပူနေကြောင်းနှင့် တရားလိုပြသက်သေ ၄ ဦး ကျန်ရှိနေသေးသည့်အတွက် အမြန်ဆုံးစစ်ပေးရန်အတွက်လည်း တရားသူကြီးကို မေတ္တာရပ်ခံထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်ပင်တရားစွဲခံရသော ကန်ကြီးထောင့်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးကိုမူ ရဲတပ်ဖွဲ့ဝင်များက အာမခံပေးခဲ့ပြီး ယင်းပုဒ်မဖြင့်ပင် တရားစွဲခံရပြီး ကျန်းမာရေးမကောင်းသည့် ဦးခွန်ဂျာလီကိုမူ လှိုင်မြို့နယ် တရားရုံးက အာမခံ ပယ်ချခဲ့သည်မှာ ၅ကြိမ် ရှိသွားပြီဖြစ် ကြောင်းသိရသည်။
ကျန်းမာရေး မကောင်းသော ဦးခွန်ဂျာလီကို လှိုင်ဒေသန္တရ ဆေးခန်းသို့ ပို့ဆောင် ဆေးကုသခဲ့ရပြီး၊ နောက်တစ်ပတ်ရုံးချိန်းကို ဒီဇင်ဘာ ၂ရက်တွင် ချိန်းဆိုထားကြောင်း သိရသည်။
ဓာတ်ပုံ - သက်မင်း
Ref : Eleven Media

