Wednesday, October 21, 2015

အကြမ်းဖက်ပဋိပက္ခတွေ မပေါ်အောင်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို အမေရိကန်တိုက်တွန်း

ရွေးကောက်ပွဲ နီးကပ်လာနေတဲ့ ကာလမှာ ဘာသာရေး တင်းမာမှုတွေ၊ အကြမ်းဖက် ပဋိပက္ခတွေ မပေါ်ပေါက်အောင်ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရ ဒုတိယ အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် မစ္စတာ Ben Rhodes က တိုက်တွန်းလိုက်တာပါ။ မစ္စတာ ဘင်ရို့စ်ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် တိုက်တွန်းဖို့နဲ့၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူစာချုပ်ရဲ့ နောက်ဆက်တွဲ တိုးတက်ဖြစ်ထွန်းမှုတွေကို စုံစမ်းလေ့လာဖို့ သမ္မတ အိုဘားမားရဲ့ စေလွှတ်ချက်အရ ရောက်ရှိနေတာပါ။ လာမယ့်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ရလဒ် ကို အစိုးရအနေနဲ့ အသိအမှတ်မပြုဘူးဆိုရင် ဒီမိုကရေစီ လမ်းကြောင်းကနေ နောက်ပြန်ဆုတ်တယ်လို့ မှတ်ယူရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ လက်ရှိသဘောထားကို ပြန်ပြီး သုံးသပ် ရလိမ့်မယ်လို့ မစ္စတာ ဘင်ရို့စ် က ပြောပါတယ်။ မစ္စတာ ဘင်ရို့စ်ဟာ ဒီခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
Ref : RFA