News Highlights
Sunday, November 23, 2014
ရိုဟင်ဂျာများကို နိုင်ငံသား အခွင့်အရေးပေးရန် ဆုံးဖြတ်ချက် ကုလ လူအခွင့်အရေးကော်မရှင်တွင် အတည်ပြု
– အငြင်းပွားဖွယ် လူမျိုးသတ်မှတ်မှုနှင့် ပတ်သက်၍ မြန်မာအစိုးရအား ဖိအားပေးသည့်အနေဖြင့် ရိုဟင်ဂျာလူနည်းစုများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် တိုက်တွန်းထားသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂက နိုဝင်ဘာ ၂၂ ရက် သောကြာနေ့တွင် အတည်ပြုခဲ့သည်ဟုသိရသည်။
အဆိုပါ ဆုံးဖြတ်ချက်ကို ကုသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေးကော်မတီတွင် တညီတညွတ်တည်း အတည်ပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား တိုက်ခိုက်မှုများပြီးနောက် ဆိုးရွားညစ်ညမ်းသော ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည့် ရိုဟင်ဂျာမွတ်စလင် ၁၄၀၀၀၀ ကျော်၏ ဒုက္ခသုက္ခများအပေါ် အလွန်အမင်း စိုးရိမ်မိကြောင်း ဖော်ပြထားသည်။
မြန်မာအစိုးရက ကျောထောက်နောက်ခံပြုထားသည့် အငြင်းပွားဖွယ် အစီအစဉ်အောက်တွင် ရိုဟင်ဂျာများ နိုင်ငံသားအဖြစ် လျှောက်ထားရန် ၎င်းတို့၏ လူမျိုးအမည်အား အထင်အမြင်သေးသော စကားလုံးဖြစ်သည့် အင်္ဂါလီအဖြစ် ပြောကြားရန် ဖိအားပေးခံနေရသည်။ ထိုကဲ့သို့ပြောကြားရန် ငြင်းဆန်သူများကို မြန်မာအစိုးရက ဒုက္ခသည်စခန်းများတွင် အတင်းအဓမ္မ နေထိုင်စေမည်ဖြစ်သည်။
ရိုဟင်ဂျာများမှာ ဘိုးဘေးဘီဘင်များ လက်ထက်ကပင် မြန်မာနိုင်ငံ၌ အစဉ်အဆက် နေထိုင်ခဲ့ကြသော်လည်း မြန်မာအစိုးရနှင့် ဗုဒ္ဓဘာသာဝင်အများစုမှာ ရိုဟင်ဂျာများကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်လာကြသူများအဖြစ် ရှုမြင်ကြသည်။
အဆိုပါ ဆုံးဖြတ်ချက်တွင် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအားလုံး၏ အခွင့်အရေးများကို ကာကွယ်ရန် အစိုးအား တိုက်တွန်းတားပြီး ရိုဟင်ဂျာလူနည်းစုများအတွက် ပြည့်ဝသောနိုင်ငံသားအဖြစ် တန်းတူညီမျှ သတ်မှတ်ရန်၊ မိမိတို့၏ လူမျိုးအား မိမိတို့ကိုယ်တိုင် အမည်သတ်မှတ်ခွင့်ကို ခွင့်ပြုရန်၊ အခြေခံဝန်ဆောင်မှုများအားလုံး တူညီမျှစွာ ပေးအပ်ရန်တို့အတွက်လည်း တိုက်တွန်းထားသည်။
ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် အဆိုပါဆုံးဖြတ်ချက်ကို အထွေထွေညီလာခံကြီးသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကာ ယခုကဲ့သို့ သဘောတူညီမှု ခံယူမည်ဖြစ်သည်။
ရိုဟင်ဂျာများအား ဆက်ဆံမှုများနှင့် ပတ်သက်၍ အဆိုပါ အစီရင်ခံစာတွင် ဝေဖန်ခဲ့သော်လည်း ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံရှိ အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ကြိုဆိုခဲ့ပြီး ရခိုင်ပြည်နယ်ရှိ ရှုပ်ထွေးသော အခြေအနေများကို ဖြေရှင်းရန် အစိုးရက ကြိုးစားနေသည်ဟုလည်း ဖော်ပြခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး၏ ရုံးခွဲတစ်ခုကို မြန်မာနိုင်ငံတွင် ချက်ချင်းဖွင့်လှစ်ရန်အတွက်လည်း ထိုအစီရင်ခံစာတွင် တိုက်တွန်းခဲ့သည်။
Ref: AFP News
