“အမေရိကန်ပြည်ထောင်စုဟာ
အစ္စလာမ်သာသနာနဲ့ စစ်ဖြစ်နေတာမဟုတ်ဘဲ ဘယ်တော့မှလည်း စစ်ဖြစ်မှာ မဟုတ်ဘူးလို့
ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ အစ္စလာမ်ဟာ ငြိမ်းချမ်းမှုကို သင်ကြားပြီး
ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေဟာ ဂုဏ်သိက္ခာရှိစွာနဲ့ တရားမျှတမှုအောက်မှာ
နေထိုင်ဖို့ ဆန္ဒပြင်းပြနေကြပါတယ်။ အမေရိကကို အစ္စလာမ်သာသနာ
ရောက်လာတဲ့အခါမှာလည်း “သူတို့နဲ့ ငါတို့” ဆိုတာမျိုး မရှိပါဘူး။
(ခွဲခြားတာမျိုး မရှိပါဘူး) “ငါတို့” ဆိုတာပဲရှိပါတယ်။
သန်းပေါင်းများစွာသော အမေရိကန် မွတ်စလင်တွေဟာ ကျွန်တော်တို့တိုင်းပြည်
လူ့အဖွဲ့အစည်းရဲ့အစိတ်အပိုင်းတွေ ဖြစ်နေတာကြောင့်ပါ” ဟု အိုဘားမားက
ပြောကြားခဲ့သည်။ထို့ပြင် အိုဘားမားမှာ ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေများကို သိမ်းယူကာ အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည့် ISIL အဖွဲ့၏ အိုင်ဒီယာမှာ အစ္စလာမ်သာသနာ၏ သွန်သင်ချက်နှင့် ဆန့်ကျင်နေသည်ဟု ကျော်ကြားသည့် မွတ်စလင် ဓမ္မပညာရှင် ဘင်ဘိုင်ယဟ်၏ ဖသ်ဝါ ဓမ္မသတ်ကို ထောက်ပြ၍ ပြောဆိုခဲ့သည်။
ထို့ပြင် ကမ္ဘာ့တစ်ဝှမ်းရှိ မွတ်စလင်များက ISIL ၏ အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချမှုများနှင့် ပတ်သက်၍လည်း အိုဘားမားက ချီးကျူးခဲ့သည်။
“ ‘notinmyname’ လှုပ်ရှားမှုကို စတင်ပြီး အကြမ်းဖက်သမားရဲ့ ၀ါဒဖြန့်မှုကို တုံ့ပြန်တဲ့ ဗြိတိန် မွတ်စလင်တွေကိုကြည့်ပါ” ဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။
ISIL အဖွဲ့မှာ ဆီးရီးယား ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက်မှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက လက်နပ်တပ်ဆင်လေ့ကျင့်ပေးထားသည့် ဆီးရီးယားသူပုန်အများစု ပါဝင်သည်ဟု အနောက်မီဒီယာများက ဖော်ပြခဲ့ကြသည်။
အီရန်သမ္မတ ရူဟာနီကမူ အရှေ့အလယ်ပိုင်းတွင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ မဟာဗျူဟာအမှားများက အကြမ်းဖက်ဝါဒကို ဖြစ်ပေါ်စေသည်ဟု ကုလ၌ ကြာသာပတေးနေ့က ပြောကြားသောမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။
Ref: M-Media